တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံး ဧရိယာအတွင်း ဗုံးဆက်တိုက် ပေါက်ကွဲမှုတွင် ခမရ(၃၃၁)မှ တပ်ကြပ်ကြီး တစ်ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၇)ဦး ဒဏ်ရာရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အခြေအနေ စိုးရိမ်ရ

တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံး ဧရိယာအတွင်း ဗုံးဆက်တိုက် ပေါက်ကွဲမှုတွင် ခမရ(၃၃၁)မှ တပ်ကြပ်ကြီး တစ်ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၇)ဦး ဒဏ်ရာရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အခြေအနေ စိုးရိမ်ရ
ဖေဖော်ဝါရီ 28, 2023 | 2021 Military Coup| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးအနောက် ဗုံးပေါက်ကွဲမှုများအတွင်း ခမရ(၃၃၁)မှ တပ်ကြပ်ကြီးတစ်ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၇)ဦး ဒဏ်ရာရရှိသည်အနက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ စိုးရိမ်ရသည့် အနေအထားဖြစ်နေပြီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေ ပုဒ်မ (၄)ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း ရွှေတိဂုံဘုရားသွားလမ်းရှိ ကြံ့ဖွံ့ပါတီရုံးအနောက်တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်ကနေ ည(၉)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်အထိ ဗုံး(၄)လုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့်  ခမရ(၃၃၁)တပ်မှ တပ်ကြပ်ကြီး ညိုဝင်း ဒဏ်ရာရရှိခဲ့သည်။

အလားတူပင် မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်းလည်း  ဗုံးပေါက်ကွဲမှုကြောင့်  ဝမ်းဗိုက်၊ ရင်အုံနှင့်ပေါင်တို့တွင် ထိမှန်သွားသည့်အတွက် အစာအိမ်ပေါက်သွား၍ စိုးရိမ်းရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

"ဒဏ်ရာရတဲ့ (၇)ယောက်တည်းမှာ ကြံ့ဖွံ့ပါတီဝင် ရုံးစာရေး တစ်ဦးလည်းပါတယ်။ တပ်ကြပ်ကြီးတစ်ယောက်လည်း ပါတယ်။ အားလုံးထဲမှာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးပဲ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်။ သူက ပထမ ဗုံးတစ်လုံးကွဲတဲ့အချိန် လာကြည့်တာ။ နောက်ပြီး ဆက်တိုက်ကွဲတော့ ထိသွားတာပေါ့။ ဗိုက်အတွင်းပိုင်းအထိ ပေါက်ကွဲစတွေ ဝင်သွားပြီး အစာအိမ်ပေါက်သွားတယ်လို့ ကြားတယ်။ "ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဗုံးကွဲမှုကြောင့်  ခမရ(၃၃၁)တပ်မှ တပ်ကြပ်ကြီး ညိုဝင်း နှင့် မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်း အပြင်  မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ စာရေးဖြစ်သူ ကိုကျော်သက် အပါအဝင် အနီးရှိ  မငြိမ်းငြိမ်းစိုး၊ ဦးမိုးဇော်၊ ဦးစိုးသိန်းမြင့် နှင့် ကြံ့ဖွံ့ပါတီရုံး၏ စာရေးဖြစ်သည့် ပါတီဝင် ကိုနေမျိုးထွန်းတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့(၆)ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။



ဗုံးမှာ ပထမအကြိမ်တွင် (၁)လုံး ပေါက်ကွဲပြီး (၃)လုံးမှာ ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ရာ စုစုပေါင်း (၄)လုံးပေါက်ကွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိကြခြင်းဖြစ်ပြီး (၅)လုံးမြောက် ဗုံးမှာလည်း  ည(၁၁)နာရီ (၂၅)မိနစ်ဝန်းကျင်တွင် ပေါက်ကွဲကြောင်း သိရသည်။

ဗုံးများ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင်  (ပ)၃၂/၂၀၂၄၊  ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/ ၅၀(ဈ)/(၅၁(ဂ)/၅၄ ဖြင့် အမှုဖွင့်ပြီး ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ စုံစမ်းမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

"ပေါက်ကွဲမှုဖြစ်တဲ့ နေရာနဲ့ အနီးတဝိုက်က နေအိမ်တွေမှာ ဘယ်အိမ်က CCTV တပ်ထားလဲဆိုတာရှာပြီး ဒီနေ့ နေ့လည်အထိ CCTV ကြည့်တာတွေလုပ်သလို စစ်ဆေးမှုတွေလည်း လုပ်နေတယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။



ယခုဖောက်ခွဲမှုကို  အရှေ့ပိုင်း နဂါး မြို့ပြပျောက်ကြားအဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်းကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ညပိုင်းကပင် ထုတ်ပြန်ကြေညာထားရှိပြီး အရှေ့ပိုင်း နဂါး မြို့ပြပျောက်ကြားအဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က မြို့နယ်လဝကရုံးရှေ့အနီးတွင်လည်း ဗုံးတစ်လုံး ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သေးပြီး ယခု ဖောက်ခွဲမှုမှာ ၎င်းတို့၏ ဒုတိယအကြိမ်မြောက် ဖောက်ခွဲမှု ဖြစ်ကြောင်း သိရသည်။