COVID အခြေအနေဆိုးရွားနေသည့် တရုတ်က နယ်စပ်ပြန်ဖွင့်ရန် စီစဥ်လာရာ ကမ္ဘာ့နိုင်ငံများက တရုတ်ခရီးသွားများကို ဝင်ခွင့်ကန့်သတ်ရန် ပြင်ဆင်

COVID အခြေအနေဆိုးရွားနေသည့် တရုတ်က နယ်စပ်ပြန်ဖွင့်ရန် စီစဥ်လာရာ ကမ္ဘာ့နိုင်ငံများက တရုတ်ခရီးသွားများကို ဝင်ခွင့်ကန့်သတ်ရန် ပြင်ဆင်
By Mr John

တရုတ်အစိုးရက ၎င်း၏ တင်းကျပ်သော  zero-COVID မူဝါဒကို စွန့်လွှတ်လိုက်ပြီးနောက် နိုင်ငံအတွင်း COVID-19 ကူးစက်မှုများ တစ်ဟုန်းထိုးမြင့်တက်သော်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် နယ်စပ်များ ပြန်ဖွင့်ရန် စီစဥ်နေရာ ကမ္ဘာတဝန်း နိုင်ငံများက လူဦးရေ (၁.၄) ဘီလီယံရှိ တရုတ်နိုင်ငံမှ ခရီးသွားများကို ခရီးသွားစည်းမျဥ်းအသစ်များ သတ်မှတ်ရန် စဥ်းစားနေကြသည်။

တရုတ်အစိုးရ၏ ရုတ်တရက် မူဝါဒအပြောင်းအလဲအရ ဒီဇင်ဘာလမှစ၍ ကမ္ဘာ့အတင်းကျပ်ဆုံး COVID စည်းမျဥ်းကန့်သတ်ချက်များနှင့် စစ်ဆေးမှုများကို ပယ်ဖျက်လိုက်ပြီး စီးပွားရေးထိခိုက်မှု နာလန်ပြန်ထူရန် လာမည့်နှစ်တွင် နိုင်ငံအဝင်အထွက်ကို အပြည့်အဝ ပြန်ဖွင့်သွားမည်ဟု ဆိုသည်။ 

လက်ရှိတွင် တရုတ်နိုင်ငံအတွင်း COVID-19 ကူးစက်မှုများ တစ်ဟုန်းထိုးမြင့်တက်နေမှုနှင့်အတူ ဆေးရုံများတွင် လူနာများပြည့်နေပြီး နာရေးပြုလုပ်သည့် နေရာများ၌လည်း မနိုင်မနင်းဖြစ်နေသည်။

တင်းကျပ်သည့် zero-COVID မူဝါဒကို နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက စည်းမျဥ်းကန့်သတ်ချက်များကို ရုတ်ချည်း ပယ်ဖျက်လိုက်ရာ နိုင်ငံတွင် COVID ကူးစက်ပျံ့နှံ့မှု အခြေအနေကို စစ်ဆေးမှုမရှိတော့ဘဲ တစ်ရက်လျှင် လူဦးရေ သန်းနှင့်ချီ ကူးစက်နေဖွယ်ရှိကြောင်း နိုင်ငံတကာ ကျန်းမာရေးကျွမ်းကျင်သူအချို့က ဆိုသည်။ 

တရုတ်အစိုးရ၏ ကပ်ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသည့် အချက်အလက် ထုတ်ပြန်မှုများကိုလည်း မေးခွန်းထုတ်မှုများရှိနေသည်။

ထိုအခြေအနေတွင် တရုတ်က နယ်စပ်များပြန်ဖွင့်ရန် စီစဥ်လာရာ ကမ္ဘာ့နိုင်ငံများအတွက် တရုတ်ခရီးသွားများထံမှ COVID-19 ပျံ့နှံ့ရောက်ရှိလာမည့်အပေါ် စိုးရိမ်ပူပန်မှုများရှိနေသည်။ 

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံမှ ခရီးသွားများအတွက် COVID-19 ကြိုတင်ကာကွယ်မှု အစီအမံအသစ်များကို စဥ်းစားနေကြောင်း သိရသည်။ 

ဂျပန်နိုင်ငံကမူ တရုတ်ခရီးသွားများ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် ပြသရန်လိုအပ်မည်ဟု ဒီဇင်ဘာလ (၂၇) ရက်တွင် ကြေညာခဲ့သည်။

တရုတ်အစိုးရ အမျိုးသားကျန်းမာရေးကော်မရှင် National Health Commission (NHC) က လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၈) ရက်မှစ၍ နိုင်ငံအတွင်း ဝင်ရောက်မည့် ခရီးသွားများ COVID-19 စည်းမျဥ်းအရ မဖြစ်မနေ ကွာရန်တင်းဝင်ရမည့် သတ်မှတ်ချက်ကို ပယ်ဖျက်သွားတော့မည်ဟု ဒီဇင်ဘာလ (၂၆) ရက်တွင် ပြောထားသည်။ 

သို့သော် တရုတ်နိုင်ငံအတွင်း လက်ရှိ COVID-19 ကူးစက်ဖြစ်ပွားနေမှု အခြေအနေကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်နေကြသည်။

မကြာသေးမီက ပေါက်ကြားလာခဲ့သည့် NHC အစည်းအ‌ဝေးအတွင်း ထိပ်တန်း ကျန်းမာရေးအရာရှိများ၏ ခန့်မှန်းချက်များအရ တရုတ်တွင် ဒီဇင်ဘာလ ပထမ ရက် (၂၀) အတွင်း လူဦးရေ သန်း (၂၅၀) နီးပါး COVID-19 ကူးစက်ခံထားရဖွယ်ရှိကြောင်း သိရသည်။

 

NHC အစည်းအဝေးတွင် တင်ပြခဲ့သည့် ခန့်မှန်းချက်များအနက် ဒီဇင်ဘာလ (၂၀) ရက် တစ်ရက်တည်းတွင် တရုတ်နိုင်ငံတဝန်း လူ (၃၇) သန်း COVID-19 ကူးစက်ခံခဲ့ရသည်ဟု ဆိုသည်။

Source: Bloomberg, Reuters