အမေရိကန်တွင် ဇူလိုင် (၄) ရက် လွတ်လပ်ရေးနေ့ ချီတက်ပွဲတစ်ခုကို ခေါင်မိုးပေါ်မှ စောင့်ဆိုင်းပစ်ခတ်မှုကြောင့် လူ (၆) ဦး သေဆုံး

အမေရိကန်တွင် ဇူလိုင် (၄) ရက် လွတ်လပ်ရေးနေ့ ချီတက်ပွဲတစ်ခုကို ခေါင်မိုးပေါ်မှ စောင့်ဆိုင်းပစ်ခတ်မှုကြောင့် လူ (၆) ဦး သေဆုံး
ဇူလိုင် 5, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်တွင် ဇူလိုင် (၄) ရက် လွတ်လပ်ရေးနေ့ ချီတက်ပွဲတစ်ခုကို ခေါင်မိုးပေါ်မှ စောင့်ဆိုင်းပစ်ခတ်မှုကြောင့် လူ (၆) ဦး သေဆုံး

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ ဆင်ခြေဖုံးရှိ Highland Park တွင် ကျင်းပပြုလုပ်သည့် ဇူလိုင် (၄)ရက် လွတ်လပ်ရေးနေ့ ချီတက်ပွဲကို သေနတ်သမားတစ်ဦးက ခေါင်မိုးတစ်ခုပေါ်မှ စောင့်ဆိုင်းပစ်ခတ်ခဲ့မှုကြောင့် လူ (၆) ဦး သေဆုံးပြီး ဒဏ်ရာသူအများအပြားရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

အစိုးရအရာရှိများက ထိုပစ်ခတ်မှုအတွင်း လူ (၆) ဦး သေဆုံးပြီး (၂၄) ဦး ဒဏ်ရာရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

ဆေးရုံပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကမူ ဒဏ်ရာရသူ (၃၁) ဦးဖြစ်သည်ဟု ဆိုသည်။

ချီတက်ပွဲစ တင်ခဲ့ပြီးနောက် (၁၀) မိနစ်ခန့်အကြာတွင် ပစ်ခတ်သံများ ကြားခဲ့ရခြင်းဖြစ်ပြီး ချီတက်ပွဲမှာ ရုတ်တရက် ရပ်သွားခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် Highland Park မြို့ခံများကို နေအိမ်တွင်နေကြရန်နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဘေးကင်းကြောင်း သေချာစေရန် အဆက်အသွယ်လုပ်ကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ ရိုင်ဖယ်သေနတ်တစ်လက် ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်၍ သံသယရှိသူ အသက် (၁၈-၂၀) ရှိ လူဖြူအမျိုးသားတစ်ဦးကို ရှာဖွေနေကြောင်းနှင့် ၎င်းက လက်နက်ကိုင်ဆောင်ထားကာ အန္တရာယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

ရိုင်ဖယ်သေနတ်ကို မည်သည့်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အတိအကျ မပြောနိုင်ဟု တာဝန်ရှိသူများက ပြောသည်။ 

သေနတ်သမားက ခေါင်မိုးတစ်ခုပေါ်မှ ပစ်ခတ်ခဲ့သည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

"သေနတ်သံ အချက် (၂၀) ကနေ (၂၅) ချက်လောက် ကြားခဲ့ရတယ်။ သေနတ်သံက ဆက်တိုက်ကြားခဲ့ရတာ။ ဒါကြောင့် ဒါက ပစ္စတိုသေနတ်တစ်လက် မဖြစ်နိုင်ဘူး" ဟု ဒေသခံတစ်ဦးဖြစ်သူ Miles Zaremski က Chigcago Sun-Times ကို ပြောသည်။ 

"သူတို့နေရပ်မှာ အားလပ်ရက် အခမ်းအနားကျင်းပနေကြတဲ့ ကလေးတွေနဲ့ မိသားစုတွေပါတဲ့ လူအုပ်စုကို စောင့်ဆိုင်းပြီး ပစ်ခတ်တဲ့ နတ်ဆိုးမျိုးအတွက် ပြောစရာ စကားလုံးတောင် မရှိဘူး" ဟု အီလီနွိုက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး J.B. Pritzker ထုတ်ပြန်ချက်တွင် ပြောသည်။

အမေရိကန်တွင် မကြာသေးမီကလည်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ 

ထိုပစ်ခတ်မှုဖြစ်ရပ်များအနက် မေလ (၁၄) ရက်နေ့က နယူးယော့ခ်ပြည်နယ် Buffalo မြို့ လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့မှုနှင့် မေလ (၂၄) ရက်နေ့တွင် တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့မှုတို့က သေဆုံးမှုအများဆုံး ဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့သည်။

Source: BBC, CNN, Reuters

Photo: WLS/ABC7, EPA,