အိုမီခရွန်က ကာလရှည်ကြာ ကိုဗစ် လက္ခဏာများ ဖြစ်ပေါ်စေနိုင်ခြေနည်းကြောင်း ဗြိတိန်ဆို

Photo: REUTERS/Henry Nicholls
Photo: REUTERS/Henry Nicholls
အိုမီခရွန်က ကာလရှည်ကြာ ကိုဗစ် လက္ခဏာများ ဖြစ်ပေါ်စေနိုင်ခြေနည်းကြောင်း ဗြိတိန်ဆို
By Mr John

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်သည့် အိုမီခရွန်က ယခင်မျိုးကွဲဗိုင်းရပ်စ်များထက် ကာလရှည်ကြာ COVID-19 ရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်ခြေနည်းကြောင်း ဗြိတိန်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုကဆိုသည်။ 

King's College London မှ သုတေသီတွေက ZOE COVID Sympton သုတေသန အက်ပလီကေးရှင်းမှ အချက်အလက်များကို အသုံးပြုပြီး လေ့လာခဲ့ရာ ဗြိတိန်တွင် အိုမီခရွန်ကူးစက်မှုလှိုင်းအတွင်း ကူးစက်ခံရပြီးနောက် ကာလရှည်ကြာ COVID-19 ဖြစ်ပေါ်နိုင်မှုမှာ ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်နှင့် နှိုင်းယှဥ်ပါက (၂၀) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရသည်။

ထိုကိန်းဂဏန်းမှ လူနာ၏ အသက်အရွယ်နှင့် ၎င်းတို့ နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးခဲ့သည့်အချိန်ပေါ်တွင် မူတည်ပြီး ကွဲပြားကြောင်း သိရသည်။ 

ပင်ပန်းနွမ်းနယ်ခြင်းမှ အာရုံစိုက်၍မရခြင်းအထိ ရောဂါလက္ခဏာများ ခံစားရသည့် ကာလရှည်ကြာ COVID-19 ဖြစ်မှုက အားအင်ကုန်ခမ်းစေပြီး ရက်သတ္တပတ်များကြာ သို့မဟုတ် လများကြာ ဆက်ဖြစ်နေနိုင်သည်ဟု ဆိုသည်။

COVID-19 ကူးစက်ခံရပြီးနောက် ထိုသို့ ရောဂါလက္ခဏာများ ကာလရှည်ကြာ ဆက်လက် ဖြစ်ပေါ်ခံစားနေရခြင်းကို အများပြည်သူ ကျန်းမာရေးပြဿနာအဖြစ် တွေ့ရှိရမှု ပိုများလာသည်။ 

သုတေသီတွေက အိုမီခရွန်မှာ ယခင် ကူးစက်မှုများပြားခဲ့သည့် မျိုးကွဲဗိုင်းရပ်စ်ကဲ့သို့ပင် ကာလရှည်ကြာ COVID-19 ဖြစ်မှုအန္တရာယ် ကြီးမားခြင်းရှိ မရှိ အဖြေရှာရန် ကြိုးပမ်းနေကြသည်။

ဗြိတိန်၏ Office for National Statistics က မေလအတွင်း ထုတ်ပြန်ခဲ့မှုအရ အိုမီခရွန်ကူးစက်ခံရပြီးနောက် နိုင်ငံအတွင်း လူဦးရေ ၄၃၈,၀၀၀ မှာ ကာလရှည်ကြာ COVID-19 ဖြစ်ခဲ့ပြီး ကာလရှည်ကြာ COVID-19 ဖြစ်သူ စုစုပေါင်း၏ (၂၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

အိုမီခရွန်ကူးစက်ခံရပြီးနောက် ကာလရှည်ကြာ COVID-19 ရောဂါလက္ခဏာများ ခံစားရမှုမှာ ဒယ်လ်တာထက် လျော့နည်းကြောင်း၊ သို့သော် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးသူတွေမှာသာဖြစ်ကြောင်း Office for National Statistics က ပြောသည်။ 

King's College London ၏ သုတေသနအရ ဗြိတိန်တွင် အိုမီခရွန်ကူးစက်မှု အထွတ်အထိပ်ရောက်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအတွင်း ကူးစက်ခံရသူ ၅၆,၀၀၃ ဦးကို လေ့လာခဲ့ရာ ၎င်းတို့အနက် (၄.၅) ရာခိုင်နှုန်းက ကာလရှည်ကြာ COVID-19 ရောဂါလက္ခဏာများ ခံစားရကြောင်း သိရသည်။ 

ဒယ်လ်တာကူးစက်မှုလှိုင်း ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လမှ နိုဝင်ဘာလအတွင်း  ကူးစက်ခံရသူ ၄၁,၃၆၁ ဦးကို လေ့လာခဲ့ရာတွင်မူ (၁၀.၈) ရာခိုင်နှုန်းမှာ ကာလရှည်ကြာ COVID-19 လက္ခဏာများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။

ဇွန်လ (၁၆) ရက်နေ့က The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည့် King's College London ၏ သုတေသနတွင် ကာကွယ်ဆေးထိုးထားခြင်းနှင့် မထိုးထားခြင်းကို နှိုင်းယှဥ်ခဲ့ခြင်း မရှိဟုဆိုသည်။ 

အိုမီခရွန်က ဒယ်လ်တာထက် ကာလရှည်ကြာ COVID-19 ရောဂါလက္ခဏာများ ဖြစ်နိုင်ခြေနည်းသည့် အကြောင်းရင်းကို သိရှိဖော်ပြရန် နောက်ထပ် လေ့လာမှုများ လိုအပ်ကြောင်း သုတေသီတွေက ပြောထားသည်။

 

Source: Reuters