ယူကရိန်းတွင် အရပ်သားများကို သတ်ဖြတ်မှုအတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပူတင်ကို ပြင်းထန်စွာ ဝေဖန်ပြောဆို

ယူကရိန်းတွင် အရပ်သားများကို သတ်ဖြတ်မှုအတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပူတင်ကို ပြင်းထန်စွာ ဝေဖန်ပြောဆို
By Mr John

 ရာထူးသက်တမ်းကုန်ဆုံးတော့မည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းတွင် ၎င်း၏တပ်ဖွဲ့များက အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်နေခြင်းအတွက် ပြင်းထန်စွာ ဝေဖန်ပြောဆိုလိုက်သည်။ 

ဖိလစ်ပိုင်တွင် ၎င်း၏ သွေးစွန်းသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြောင့် "ပြစ်ဒဏ်ပေးသူ" ဟု သိထားကြသည့် သမ္မတဒူတာတေးက ပူတင်ကို ၎င်းသဘောကျသူနှင့် မိတ်ဆွေတစ်ဦးအဖြစ် လူသိရှင်ကြား ပွင့်လင်းစွာ ထုတ်ပြောခဲ့ဖူးသည်။

သို့သော် ၎င်းတို့နှစ်ဦးကို လူသတ်သမားများဟု ခေါ်ဝေါ်လာကြရာ ဒူတာတေးက "ကျုပ်က ရာဇဝတ်ကောင်တွေကို သတ်တာ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကျုပ် မသတ်ဘူး" ဟု ပြောဆိုခဲ့သည်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုအပေါ် ဖိလစ်ပိုင်သမ္မတဒူတာတေးက မေလ (၂၄) ရက်နေ့တွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် အပတ်စဥ် အစိုးရအဖွဲ့အစည်းအဝေးအတွင်း ပထမဆုံးအကြိမ် ဝေဖန်ပြစ်တင်လိုက်ခြင်း ဖြစ်သည်။

သုံးလကြာပြီဖြစ်သည့် ထိုစစ်ပွဲကြောင့် ကမ္ဘာတဝန်း ရေနံဈေးနှုန်းများ မြင့်တက်ရာမှ ၎င်း၏နိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင် ဒုက္ခဖြစ်ရကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက အပြစ်တင်ခဲ့သည်။ 

ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ကမ္ဘာတဝန်း မတည်ငြိမ်မှုဖြစ်လာရာ ဖိလစ်ပိုင်၏ ရေနံအထောက်အပံ့ တည်ငြိမ်မှုအပေါ် စိုးရိမ်ကြောင်းလည်း ဒူတာတေးက ပြောသည်။

"ကျုပ်က သမ္မတရာထူးသက်တမ်းကုန်ပြီး ထွက်သွားတော့မှာပါ။ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ကျုပ်မသိဘူး။ အရာအားလုံး ပုံမှန်အခြေအနေပြန်ရောက်ရေး မပြောနိုင်ခင်မှာ ယူကရိန်းနဲ့ ရုရှားကြားက စစ်ပွဲကို ဖြေရှင်းရမှာပါ" ဟု ၎င်းကဆိုသည်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို အင်အားအပြည့်ဖြင့် တိုက်ခိုက်သည့် စစ်ပွဲတစ်ခုဖြစ်ကြောင်းနှင့် ပူတင် ပြောနေသကဲ့သို့ စစ်တပ်၏ အထူးစစ်ဆင်ရေးတစ်ခု မဟုတ်ကြောင်းလည်း ဒူတာတေးက ပြောဆိုခဲ့သည်။

"အတော်များများက ပူတင်နဲ့ ကျုပ်ကို နှစ်ယောက်လုံးက လူသတ်သမားတွေလို့ ပြောကြတယ်။ ကျုပ် ဖိလစ်ပိုင်ပြည်သူတွေကို ပြောခဲ့တာကြာပါပြီ ကျုပ် တကယ်သတ်တယ်။ ဒါပေမဲ့ ကျုပ်က ရာဇဝတ်ကောင်တွေကို သတ်တာ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကျုပ် မသတ်ဘူး။ ကျုပ်တို့က မတူညီတဲ့ ကမ္ဘာနှစ်ခုမှာပါ" ဟု ဖိလစ်ပိုင်သမ္မတဒူတာတေးက ပြောသည်။

ဖိလစ်ပိုင်သမ္မတအဖြစ် (၆) နှစ်ကြာ တာဝန်ယူခဲ့သူ ဒူတာတေးမှာ လာမည့် ဇွန်လ (၃၀) ရက်နေ့တွင် သမ္မတသက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

 ၎င်း၏သမ္မတသက်တမ်းအတွင်း ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို စစ်ဆင်ရေးအသွင် အကြီးအကျယ် လုပ်ဆောင်ခဲ့ရာ လူ ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အသေးအမွှား မူးယစ်ဆေးမှုဖြင့် သံသယရှိသူများ ဖြစ်သည်။ 

ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွင်း သေဆုံးသူအရေအတွက်မှာ ထိုပမာဏထက် ပိုများကြောင်းနှင့် ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများလည်း အသတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောထားသည်။

Source: Al Jazeera