တရုတ်ကျန်းမာရေးအရာရှိများထံမှ ပေါက်ကြားလာသည့် မှတ်စုများအရ ဒီဇင်ဘာလတွင် လူဦးရေ သန်း (၂၅၀) COVID ကူးစက်ခံထားရဟုဆို

တရုတ်ကျန်းမာရေးအရာရှိများထံမှ ပေါက်ကြားလာသည့် မှတ်စုများအရ ဒီဇင်ဘာလတွင် လူဦးရေ သန်း (၂၅၀) COVID ကူးစက်ခံထားရဟုဆို
By Mr John

တရုတ်နိုင်ငံတွင် ဒီဇင်ဘာလ၏ ပထမ ရက် (၂၀) အတွင်း လူဦးရေ သန်း (၂၅၀) နီးပါးအထိ COVID-19 ကူးစက်ခံထားရဖွယ်ရှိကြောင်း နိုင်ငံ၏ ထိပ်တန်းကျန်းမာရေးအရာရှိများထံမှ ခန့်မှန်းချက်က ပြောထားကြောင်း Bloomberg News နှင့် Financial Times သတင်းဌာတို့က ဒီဇင်ဘာလ (၂၃) ရက်တွင် ဖော်ပြသည်။ 

အကယ်၍ ထိုခန့်မှန်းချက် မှန်ကန်ခဲ့ပါက ကူးစက်မှုပမာဏမှာ အကြမ်းဖျင်းအားဖြင့် တရုတ်လူဦးရေ (၁.၄) ဘီလီယံ၏ (၁၄) ရာခိုင်နှုန်းဖြစ်ပြီး ယနေ့အထိ ကမ္ဘာတဝန်း အကြီးမားဆုံး COVID-19 ကူးစက်ဖြစ်ပွားမှုလည်း ဖြစ်သည်။

အဆိုပါ ခန့်မှန်းချက် ကိန်းဂဏန်းများကို ဒီဇင်ဘာလ (၂၁) ရက်နေ့က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် National Health Commission (NHC) ၏ ဌာနတွင်း အစည်းအဝေးတစ်ခုအတွင်း တင်ပြခဲ့ကြောင်း သတင်းဌာန နှစ်ခုလုံးကဆိုသည်။ 

Bloomberg နှင့် Financial Times တို့က ယခုကိစ္စကို သိရှိထားသူများ သို့မဟုတ် NHC အစည်းအဝေးတွင် ပါဝင်ခဲ့သူများကို ကိုးကား၍ သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

NHC ၏ ဒီဇင်ဘာလ (၂၁) ရက် အစည်းအဝေး အကျဥ်းချုပ်တွင် ကူးစက်ဖြစ်ပွားမှုအသစ်ကြောင့် COVID-19 ကူးစက်ခံထားရသည့် လူနာများကို ကုသမှုနှင့်ပတ်သက်၍ အသည်းအသန်း ကြိုးပမ်းခဲ့ကြောင်း ပြောထားသည်။ 

NHC အစည်းအဝေးမှတ်စုများဟု ရည်ညွှန်းထားသည့် မိတ္တူတစ်စောင်မှာ ဒီဇင်ဘာလ (၂၃) ရက်နေ့က တရုတ်ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ထွက်ပေါ်ခဲ့သည်။ 

ထိုစာရွက်စာတမ်းများ အစစ်အမှန်ဖြစ်ကြောင်း အတည်မပြုရသေးဘဲ NHC ကို မှတ်ချက်ပေးရန် မေးမြန်းခဲ့ရာ ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း CNN က ပြောသည်။

Bloomberg နှင့် Financial Times သတင်းဌာန နှစ်ခုလုံးက လက်ရှိ COVID-19 ကူးစက်ဖြစ်ပွားမှုကို မည်သို့ ကိုင်တွယ်ဆောင်ရွက်ရန် တရုတ်ကျန်းမာရေးအာဏာပိုင်များ၏ ဆွေးနွေးမှုများကို အသေးစိတ် ဖော်ပြခဲ့သည်။ 

NHC အစည်းအဝေးတွင် တင်ပြခဲ့သည့် ခန့်မှန်းချက်များအနက် ဒီဇင်ဘာလ (၂၀) ရက် တစ်ရက်တည်းတွင် တရုတ်နိုင်ငံတဝန်း လူ (၃၇) သန်း COVID-19 ကူးစက်ခံခဲ့ရသည်ဟု ဆိုသည်။ 

တရုတ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်တွင်မူ ဒီဇင်ဘာလ (၂၀) ရက်က ကူးစက်ခံရသူ (၃,၀၄၉) ဦး တွေ့ရှိရကြောင်း ဖော်ပြထားရာ အလွန်သိသာစွာ ကွာခြားနေသည်ကို တွေ့ရသည်။



တရုတ်နိုင်ငံတွင် လက်ရှိကူးစက်မှုလှိုင်းအတွင်း နေ့စဥ် လူ (၁) သန်း COVID-19 ကူးစက်ခံရပြီး လူ (၅,၀၀၀) သေဆုံးဖွယ်ရှိကြောင်း လန်ဒန်အခြေစိုက် အချက်အလက် လေ့လာဆန်းစစ်မှုကုမ္ပဏီ Airfinity Ltd. က ပြောထားပြီး အခြေအနေမှာ လေ့လာဆန်းစစ်မှုထက် ပို၍ပင် ဆိုးရွားနိုင်သည်ဟု ဆိုသည်။ 

ထိုအတောအတွင်း တရုတ်အစိုးရ၏ COVID-19 ကိန်းဂဏန်းများကို Weibo ကဲ့သို့ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တွင် အသုံးပြုသူများကြား မေးခွန်းထုတ်မှုနှင့် မယုံကြည်မှုများ ရှိနေခဲ့သည်။ 



လက်ရှိအခြေအနေမှာ တရုတ်မြို့များရှိ ဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင် အပါအဝင် လူနာများပြည့်နေပြီး နာရေးစီစဥ်သည့်နေရာများတွင်လည်း မနိုင်မနင်းဖြစ်နေသည့် သတင်းများလည်း နေ့စဥ် ထွက်ပေါ်နေသည်။ 

တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ်ရှိ Qingdao မြို့တွင် တစ်ရက်လျှင် လူဦးရေ သန်းတစ်ဝက် COVID-19 ကူးစက်ခံနေရကြောင်း အကြီးတန်း ကျန်းမာရေးအရာရှိတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင်လည်း ကူးစက်မှုများ မြင့်တက်နေရာ အာဏာပိုင်များက မြို့ခံများကို ခရစ္စမတ်အားလပ်ရက်အတွင်း နေအိမ်တွင်သာ နေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ 

တရုတ်အစိုးရက ၎င်း၏ တင်းကျပ်သော ကပ်ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်မှုနှင့်အတူ COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာနိုင်ကြောင်း နိုင်ငံ၏ ထိပ်တန်း ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက ဒီဇင်ဘာလ အစောပိုင်းတွင် သတိပေးထားသည်။

အစိုးရသတင်းဌာနက ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Zhong Nanshan က တရုတ်တွင် ပျံ့နှံ့နေသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်မှာ အလွန်ကူးစက်နိုင်ပြီး ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်မှုကို ဦးတည်နိုင်ကြောင်း ပြောခဲ့သည်။ 

"လက်ရှိ အိုမီခရွန်မျိုးကွဲက အလွန်ကူးစက်နိုင်ပါတယ်။ လူတစ်ဦးကနေ နောက်ထပ်  လူ (၂၂) ဦးကို ကူးစက်စေနိုင်ပါတယ်" ဟု ကပ်ရောဂါကာလတစ်လျှောက် တရုတ်အစိုးရ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူ Zhong က သတိပေးသည်။

"လက်ရှိ တရုတ်မှာဖြစ်ပွားနေတဲ့ ကူးစက်မှုက လျင်မြန်စွာ ပျံ့နှံ့နေပြီး ဒီလိုအခြေအနေမှာ ဘယ်လို ပြင်းထန်တဲ့ ကာကွယ်မှုနဲ့ ထိန်းချုပ်မှုလုပ်ပေမဲ့လည်း ကူးစက်မှုကွင်းဆက်ကို လုံးဝ ဖြတ်တောက်ပစ်ဖို့ ခက်ခဲပါလိမ့်မယ်" ဟု ၎င်းက သုံးသပ်သည်။ 

တရုတ်တွင် ကူးစက်မှုများ မြင့်တက်လာနေပြီး ထိုအခြေအနေကို ကိုင်တွယ်ဆောင်ရွက်ရန် အသင့်ပြင်မထားရသေးဘဲ သန်းနှင့်ချီသည့် သက်ကြီးရွယ်အိုများကို COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးမပေးရသေးကြောင်းနှင့် ဘဏ္ဍာငွေ မလုံလောက်သည့် ဆေးရုံများကလည်း များပြားလှသော လူနာအရေအတွက်ကို လက်ခံကုသပေးနိုင်စွမ်းမရှိကြောင်း ထိုစဥ်က အင်တာဗျူးတွင် Zhong က ပြောခဲ့သည်။

Source: CNN, AFP, AP, Reuters