Covid-19 ကူးစက်မှု မြင့်တက်နေသည့် တရုတ်နိုင်ငံက ဝင်ရောက်မည့် ခရီးသွားများအတွက် ကွာရန်တင်း စည်းမျဥ်းကို ပယ်ဖျက်တော့မည်ဟု ဆို

Covid-19 ကူးစက်မှု မြင့်တက်နေသည့် တရုတ်နိုင်ငံက ဝင်ရောက်မည့် ခရီးသွားများအတွက် ကွာရန်တင်း စည်းမျဥ်းကို ပယ်ဖျက်တော့မည်ဟု ဆို
By Mr John

လတ်တလော Covid-19 ကူးစက်မှုအဆမတန်မြင့်တက်နေသည့် တရုတ်နိုင်ငံတွင် တရုတ်အစိုးရက လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၈) ရက်မှစ၍ နိုင်ငံအတွင်း ဝင်ရောက်မည့် ခရီးသွားများ COVID-19 စည်းမျဥ်းအရ မဖြစ်မနေ ကွာရန်တင်းဝင်ရမည့် သတ်မှတ်ချက်ကို ပယ်ဖျက်သွားတော့မည့်ဟု အမျိုးသားကျန်းမာရေးကော်မရှင် National Health Commission (NHC) က ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်တွင် ပြောသည်။ 

နိုင်ငံအတွင်း ကူးစက်မှုများ မြင့်တက်နေသော်လည်း ၂၀၂၀ ခုနှစ်မှစ၍ နယ်စပ်အဝင်အထွက် ကန့်သတ်ထားမှုကို ဖြေလျှော့ပေးရန် တရုတ်အစိုးရ၏ အရေးပါသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်လာသည်။

NHC ၏ ထုတ်ပြန်ချက်တွင် COVID-19 ထိန်းချုပ်တိုက်ဖျက်ရေးကို အတင်းကျပ်ဆုံး စီမံဆောင်ရွက်သည့် Category A အဆင့်မှ Category B အဖြစ် လျှော့ချသွားမည်ဟုလည်း ပြောထားသည်။ 

COVID-19 ရောဂါမှာ သေဆုံးနိုင်မှု နည်းလာပြီး တဖြည်းဖြည်း သာမန်အသက်ရှူလမ်းကြောင်း ပိုးဝင်သည့်ရောဂါအဖြစ် ပြောင်းလဲသွားမည်ဟု ဆိုသည်။

လက်ရှိ ကျင့်သုံးနေသည့် တရုတ်နိုင်ငံ၏ စည်းမျဥ်းအရ နိုင်ငံအတွင်း ဝင်ရောက်လာသည့် ခရီးသွားများမှာ အစိုးရက စီစဥ်ထားသည့် နေရာတွင် မဖြစ်မနေ (၅) ရက်ကြာ ကွာရန်တင်းနေထိုင်ရပြီး နေအိမ်တွင် နောက်ထပ် (၃) ရက် သီးခြားခွဲနေထိုင်ရကြောင်း သိရသည်။ 

လာမည့် ဇန်နဝါရီလ (၈) ရက်မှစ၍ ထိုစည်းမျဥ်းကို ပယ်ဖျက်သွားမည်ဖြစ်သော်လည်း တရုတ်သို့ဝင်ရောက်လာမည့် ခရီးသွားများမှာ ခရီးမထွက်မီ (၄၈) နာရီအတွင်း COVID-19 ရှိ မရှိ PCR စစ်ဆေးမှု လိုအပ်နေအုံးမည်ဖြစ်ကြောင်း NHC က ဆိုသည်။

ထိုအတောအတွင်း COVID-19 စည်းမျဥ်းကန့်သတ်ချက်များဖြင့် ကမ္ဘာနှင့် (၃) နှစ်ကြာ အဆက်ဖြတ်ခံထားရသည့် တရုတ်နိုင်ငံသားများမှာ ကူးစက်မှုများ မြင့်တက် နေသော်လည်း အစိုးရက ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးထားပြီဖြစ်ရာ နယ်စပ်များ ပြန်မဖွင့်မီ ဒီဇင်ဘာလ (၂၇) ရက်နေ့က ပြည်တွင်း ခရီးသွားနေရာများသို့ လူစုလူဝေးဖြစ်သည်အထိ သွားရောက်လည်ပတ်ကြကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံအတွင်း  နေ့စဉ်ကို ဗစ်လူနာသစ်တွေ့ရှိနှုန်းနှင့် သေဆုံးနှုန်းတို့ကို ထုတ်ပြန်ကြေညာတော့မည် မဟုတ်ကြောင်း ကျန်းမာရေးကော်မရှင်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသေးသည်။

Source: Reuters