မကွေးတိုင်းဒေသကြီးတွင် ဇန်နဝါရီလ၏ တစ်လတာအတွင်း Covid-19 ကြောင့် သေဆုံးသူ (၆)ဦးအထိရှိ

မကွေးတိုင်းဒေသကြီးတွင် ဇန်နဝါရီလ၏ တစ်လတာအတွင်း Covid-19 ကြောင့် သေဆုံးသူ (၆)ဦးအထိရှိ
ဇန်နဝါရီ 27, 2021 | Covid-19| အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း နေ့စဉ်နှင့်အမျှ Covid-19 လူနာများ  ထပ်တိုးတွေ့ရှိလျှက်ရှိနေသကဲ့သို့ ကိုဗစ် ပိုးတွေ့လူနာသေဆုံးမှုမှာလည်း ဇန်နဝါရီလ(၂၆)ရက်နေ့က (၁)ဦး ထပ်မံသေဆုံးသဖြင့် ဇန်နဝါရီ၏ တစ်လ အတွင်းမှာပင် သေဆုံးသူ (၆)ဦးအထိ ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်းဆိုလျှင် (၁၃)ဦးအထိ ရှိလာကြောင်း သိရသည်။

“ဒီနေ့ သင်ကြားရေးဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ နတ်မောက်မြို့နယ်က သွေးကင်ဆာ၊ အဆုတ်ရောင် ရောဂါအခံရှိတဲ့ အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွားလို့ သေဆုံးသူစုစုပေါင်း (၁၃)ဦးရှိသွားပါပြီ။ ဒီနေ့ မကွေးမှာ Positive Contact (၂၀၀)လောက် စုစစ်တာဖြစ်လို့ Positive လူနာများလာရင်တော့ လိုအပ်ရင် TTC Quarantine Centre မှာ Positive Centre ထားရှိဖို့ စီစဉ်နေပါတယ်”ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၆)ရက်နေ့က ပြောသည်။

မကွေးတိုင်းအတွင်း ဇန်နဝါရီလ (၅)ရက်နေ့တွင် အသက် (၄၅)နှစ်အရွယ် အမျိုးသမီး (၁)ဦး၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် အသက် (၆၅နှစ်)အရွယ် အမျိုးသား(၁)ဦး၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် အသက် (၆၁နှစ်)အရွယ် အမျိုးသား (၁)ဦး၊ ဇန်နဝါရီလ(၂၂)ရက်နေ့တွင် အသက်(၃၃နှစ်)အရွယ် အမျိုးသား(၁) ဦး နှင့် အသက်(၄၆နှစ်) အရွယ် အမျိုးသမီး (၁)ဦးတို့ သေဆုံးခဲ့ပြီး ယနေ့ အသက် (၂၈နှစ်)အရွယ် အမျိုးသမီး (၁)ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း (၁၃)ဦးအထိရှိလာပြီး ဇန်နဝါရီလ တစ်လတည်းအတွင်း သေဆုံးသူ (၆)ဦးအထိ ရှိခဲ့ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှတ်တမ်းများအရ သိရသည်။

ဇန်နဝါရီ(၂၅)ရက်နေ့က တိုင်းအတွင်း ကိုဗစ်လူနာ (၄၁)ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး  ဇန်နဝါရီ (၂၆)ရက် မွန်းလွဲ(၂)နာရီ အထိ အတည်ပြုလူနာ (၁၄)ဦး ထပ်တိုးတွေ့ရှိသဖြင့် တိုင်းအတွင်း ကိုဗစ်လူနာ စုစုပေါင်း (၃,၂၅၂)ဦးအထိ ရှိလာကာ မကွေးတစ်မြို့တည်းတွင်ပင် ကိုဗစ်ပိုးတွေ့လူနာ များပြားလာ နိုင်ကြောင်းသိရပြီး သိအတည်ပြုလူနာနှင့်ထိတွေ့၍ ကူးစက်ခံရသူ၊ အနံ့ပျောက်လက္ခဏာရှိပြီး အတည် ပြုလူနာဖြစ်ခဲ့သူများ တိုးပွားတွေ့ရှိနေရ၍ ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ လိုက်နာနေထိုင် သွားလာကြရန် မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းလျှက်ရှိသည်။

Tachileik News Agency

သတင်း-ဖီးနစ်

ဓာတ်ပုံ-ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း

 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...