တရုတ်အာဏာပိုင်များက ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံအနီးတဝိုက်ရှိ လူဦးရေ (၆) သိန်းကို Lockdown လုပ်

တရုတ်အာဏာပိုင်များက ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံအနီးတဝိုက်ရှိ လူဦးရေ (၆) သိန်းကို Lockdown လုပ်
နိုဝင်ဘာ 3, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 

တရုတ်နိုင်ငံတွင် အာဏာပိုင်များက ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံအနီးတဝိုက် ဧရိယာအတွင်းရှိ လူဦးရေ (၆၀၀,၀၀၀) ကို နိုဝင်ဘာလ (၂) ရက်နေ့မှစပြီး lockdown သတ်မှတ်လိုက်ကြောင်း သိရသည်။ 

COVID-19 ကူးစက်မှုနှင့် ကန့်သတ်ချက်များကို ရှောင်ရှားရန် iPhone စက်ရုံဝန်ထမ်းများ ထွက်ပြေးခဲ့ကြပြီးနောက် အာဏာပိုင်များက စက်ရုံအနီးတဝိုက်ကို lockdown လုပ်လိုက်ခြင်းလည်း ဖြစ်သည်။

COVID-19 ကာကွယ်ရေး ပရဟိတသမားများနှင့် မရှိမဖြစ် အလုပ်သမားများကလွဲပြီး ကျန်လူများအားလုံးကို COVID-19 စစ်ဆေးရန်နှင့် အရေးပေါ် ဆေးကုသမှုခံယူရန်အတွက်သာ ၎င်းတို့၏ နေအိမ်များမှ အပြင်ထွက်ခွင့်ပြုမည်ဟု တရုတ်အလယ်ပိုင်း Zhengzhou လေဆိပ် စီးပွားရေးဇုန်မှ တာဝန်ရှိသူများက ပြောသည်။ 

အမေရိကန်အခြေစိုက် Apple ကုမ္ပဏီ၏ iPhone များ တပ်ဆင်ထုတ်လုပ်နေသည့် Foxconn စက်ရုံမှ ဝန်ထမ်းများ ထွက်ပြေးကြသည့် ဓာတ်ပုံနှင့် ဗီဒီယိုများ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက စက်ရုံအနီးတဝိုက်ကို lockdown သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

စက်ရုံဝန်ထမ်များက နေထိုင်ရသည့် အခြေအနေ ညံ့ဖျင်းကြောင်း၊ အထောက်အပံ့များ မပေးကြောင်းနှင့် သယ်ယူပို့ဆောင်ရေး ကန့်သတ်ထားမှုများကို ရှောင်ရှားရန် စက်ရုံမှ ခြေလျင်ထွက်ပြေးနေရကြောင်း အွန်လိုင်းတွင် ပြောဆိုခဲ့ကြသည်။ 

Foxconn ၏ အဆိုအရ ၎င်း၏ Zhengzhou စက်ရုံတွင် လက်ရှိ ဝန်ထမ်းပေါင်း (၂၀၀,၀၀၀) ကျော်ရှိကြောင်း သိရသည်။

"လစာရဖို့က အရေးမကြီးတော့ဘူး။ အရေးအကြီးဆုံးက အသက်ရှင်ဖို့ပဲ" ဟု Foxconn စက်ရုံတွင် အလုပ်လုပ်နေသည့် အသက် (၃၀) နှစ်အရွယ် အမျိုးသားတစ်ဦးက AFP သတင်းဌာနကို ပြောသည်။ 

၎င်းကြောင့် ဇာတိမြို့တွင် ကူးစက်မှုများ ဖြစ်သွားမည်ကို စိုးရိမ်မှုကြောင့် Foxconn စက်ရုံ၌သာ ဆက်လက် နေထိုင်လျက်ရှိကြောင်းလည်း ထိုအမျိုးသားက ဆိုသည်။

တရုတ်နိုင်ငံမှာ COVID-19 လုံးဝကင်းစင်ပပျောက်ရေး zero-COVID မူဝါဒကို ဆက်လက်ကျင့်သုံးနေသည့် တစ်ခုတည်းသော ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်ပြီး လူအစုလိုက်အပြုံလိုက်ကို စစ်ဆေးခြင်း၊ ကာလရှည်ကြာ lockdown သတ်မှတ်မှုများ၊ ရုတ်တရက် lockdown သတ်မှတ်မှုများ လုပ်ဆောင်နေသည်။ 

တရုတ်အစိုးရ၏  zero-Covid မူဝါဒကြောင့် လူဦးရေ သန်းနှင့်ချီ အကြိမ်ကြိမ် lockdown ကြုံခဲ့ရပြီး တစ်ခါတစ်ရံ ပုံမှန်မဟုတ်သည့်နေရာများတွင် ပိတ်မိခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ရုတ်တရက် lockdonw လုပ်မှုကြောင့် ဆွီဒင်ပရိဘောလုပ်ငန်းကြီး Ikea ၏ ရှန်ဟိုင်းဆိုင်ခွဲဖြစ်ရပ် အပါအဝင် ဈေးဆိုင်များနှင့် လုပ်ငန်းခွင်များမှ လူအများ ထွက်ပြေးကြသည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။ 

ထို့အတူ အောက်တိုဘာလ (၃၁) ရက်နေ့ကလည်း ရှန်ဟိုင်းမြို့ရှိ Disney အပန်းဖြေဥယျဥ်ကို ရုတ်တရက် lockdown လုပ်လိုက်ရာ လာရောက်လည်ပတ်သူများ ပိတ်မိနေခဲ့ကြကြောင်း သိရသည်။

Source: AFP

Photo: AFP,  Times Now, VCG/Getty Images,