ကျိုင်းတုံမြို့၏ ဇူလိုင်လ(၁၅)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၁)ဦး တွေ့ရှိ

ကျိုင်းတုံမြို့၏ ဇူလိုင်လ(၁၅)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၁)ဦး တွေ့ရှိ
ဇူလိုင် 15, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၁၅)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၁)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ဇူလိုင်လ(၁၄)ရက်နေ့က ကျိုင်းတုံမြို့ ရပ်ကွက်(၁)ရှိ RCM ကျောင်းအတွင်းမှ အမျိုးသမီး(၁)ထံက Covid-19 စစ်ဆေးတွေ့ရှိရပြီး ၎င်းနှင့်ထိတွေ့မှုရှိသူများကို ဇူလိုင်လ(၁၅)ရက်နေ့ နံနက်ပိုင်းက စစ်ဆေးရာမှာ (၁၀)ဦးတွင် ပိုးတွေ့ရှိရသလို ရန်ကုန်မှ ပြန်လာပြီး သာသနာ့ဝေပုလ္လကျောင်းတွင် Quarantine ထားရှိသူ  (၂)ဦးနှင့် စုဖူးမား အတည်ပြုလူနာနှင့် ထိတွေ့သူ (၁)ဦး စုစုပေါင်း (၁၃)ဦးကို နံနက်ပိုင်း၏ စစ်ဆေးမှုအတွင်း တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင်လည်း အခြားဒေသမှ ပြန်လာ၍ Quarantine Centerတွင်ထားရှိသူများကို စစ်ဆေးရာမှ ရန်ကုန်က ပြန်လာသည့် အမျိုးသား(၈)ဦးတွင်လည်း Covid-19 ထပ်တိုးတွေ့ရှိရ၍ ယနေ့ တစ်နေ့တာအတွင်း Covid-19 ပိုးကူးစက်ခံရသူ (၂၁)ဦး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။ 

Covid-19 ပိုးတွေ့ရှိရသူများနှင့် ပတ်သက်၍ ဇူလိုင်လ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း ကျိုင်းတုံမြို့မဈေး၊ စိန်ပန်းပင်မီးပွိုင့်အနီးရှိ လားဟူမလေး ဖုန်းအရောင်းဆိုင် (၂)ဆိုင်သို့ သွားရောက်ခဲ့သူများအနေဖြင့် နေမကောင်းသည့် လက္ခဏာပေါ်လာသည် ဖြစ်စေ၊ မိမိကိုယ်ကိုယ် သံသယရှိ၍ ဖြစ်စေ ဆေးရုံသို့ သွားရောက်၍ Covid-19 စစ်ဆေးနိုင်ကြောင်း ကျိုင်းတုံ တာဝန်ရှိသူများက အသိပေးထားကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စတင်ခဲ့ရာ ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့ ညနေပိုင်းအထိ Covid-19 ပိုး ကူးစက်ခံထားရသူ စုစုပေါင်း(၅၃)ဦးအထိ ရှိနေပြီး (၁၀)ဦးမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။