ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါလာသည့်ကား တိမ်းမှောက်ပြီး မြန်မာ (၁၀) ဦးနှင့် ထိုင်း (၂) ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါလာသည့်ကား တိမ်းမှောက်ပြီး မြန်မာ (၁၀) ဦးနှင့် ထိုင်း (၂) ဦး ဒဏ်ရာရ
By Mr John

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ Phak Hai ခရိုင်တွင် ပစ်ကပ်ကားတစ်စီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၆) ရက် နံနက်အစောပိုင်းက တိမ်းမှောက်ခဲ့ရာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၁၀) ဦးနှင့် သက်ကြီးရွယ်အို ထိုင်းလူမျိုး (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ဒီဇင်ဘာလ (၆) ရက် ဒေသစံတော်ချိန် နံနက် (၆) နာရီခန့်က Toyota Rivo ပစ်ကပ်ကားတစ်စီးသည် Phak Hai-Sena လမ်းမပေါ်ရှိ အကွေ့တစ်ခုကို အရှိန်ဖြင့် ချိုးကွေ့လိုက်စဥ် Phak Hai ခရိုင် Tha Din Daeng အရပ်ရှိ Moo 8 ကျေးရွာအနီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပစ်ကပ်ကားက လမ်းဘေးတွင် ဆွမ်းလောင်းရန် စောင့်နေကြသည့် သက်ကြီးရွယ်အိုများပါသောလူအုပ်အတွင်း ဝင်တိုက်မိခဲ့ရာ (၂) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

တိမ်းမှောက်သွားသည့် ကားပေါ်တွင် ကလေးများအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၂၄) ဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့အနက် (၁၀) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဒဏ်ရာရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို Phak Hai ခရိုင်ရှိ ဆေးရုံသို့ ပို့ဆောင်ထားပြီး

ကျန်မြန်မာရွှေ့ပြောင်းလုပ်သားများကိုမူ Phak Hai ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ 

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ Tak ခရိုင်မြောက်ပိုင်းမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ဘန်ကောက်သို့ ဦးတည်သွားနေစဥ် ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Source: Bangkok  Post