ရှန်ဟိုင်းမြို့ရှိ Ikea စတိုးဆိုင်ကို ရုတ်တရက် lockdown လုပ်ရာ ဈေးဝယ်သူများ ထွက်ပြေး 

Photo: Weibo/Big Bull
Photo: Weibo/Big Bull
ရှန်ဟိုင်းမြို့ရှိ Ikea စတိုးဆိုင်ကို ရုတ်တရက် lockdown လုပ်ရာ ဈေးဝယ်သူများ ထွက်ပြေး 
By Mr John

 တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့ရှိ Ikea ပရိဘောဂနှင့် မီးဖိုချောင်သုံးပစ္စည်း အရောင်းဆိုင်ကြီးကို အာဏာပိုင်များက COVID-19 နှင့် ဆက်နွှယ်၍ lockdown လုပ်ရန် စီစဥ်ခဲ့ရာ ဈေးဝယ်သူများ ဆိုင်အပြင်ဘက်သို့ အလုအယက် ထွက်ပြေးခဲ့ကြပြီး ဝရုန်သုန်းကားအခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

 ရှန်ဟိုင်းမြို့ Xuhui ခရိုင်ရှိ Ikea စတိုးဆိုင်သို့ ဩဂုတ်လ (၁၃) ရက်နေ့က ဈေးလာဝယ်သူတစ်ဦးမှာ COVID-19 ကူးစက်လူနာနှင့် အနီးကပ် ထိတွေ့မှုရှိခဲ့သည်ဟုဆိုကာ အာဏာပိုင်များက စတိုးဆိုင်ကို lockdown လုပ်ရန် စီစဥ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုမှတ်တမ်းများတွင် စတိုးဆိုင်လုံခြုံရေးအစောင့်များက အဝင်အထွက်တံခါများကို ပိတ်နေခဲ့သော်လည်း ဈေးဝယ်သူအုပ်စုက တံခါးများကို စုပြုံတွန်းဖွင့်ပြီး ဆိုင်ထဲမှ ထွက်ပြေးခဲ့ကြသည်ကို တွေ့ရသည်။

ရှန်ဟိုင်းတစ်မြို့လုံးကို ယခုနှစ်အစောပိုင်းက (၂) လကြာ တင်းကျပ်သည့် lockdown လုပ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း COVID-19 ကူးစက်ခံရသူ သို့မဟုတ် ကူးစက်ခံရသူနှင့် အနီးကပ် ထိတွေ့မှုရှိသူများ တွေ့ရှိရသည့် နေရာများကို ရုတ်တရက် lockdown လုပ်ခြင်းများ ရှိနေခြင်းဖြစ်သည်။

ရှန်ဟိုင်းတွင် ဟော့ပေါ့စားသောက်ဆိုင်များ၊ အားကစားခန်းမများနှင့် ရုံးခန်းများ အပါအဝင် လူအများအပြားရှိသည့်နေရာများကို အာဏာပိုင်များက ရုတ်တရက် lockdown လုပ်သဖြင့် လူအများအပြား ပိတ်မိမှုများ ဖြစ်ပွားလေ့ရှိခြင်းဖြစ်သည်။

Ikea စတိုးဆိုင်ဖြစ်ရပ်တွင် တိဘက်ဒေသ Lhasa မြို့မှ ပြန်လာသည့် COVID-19 ကူးစက်လူနာ အသက် (၆) နှစ်အရွယ်ကလေးနှင့် အနီးကပ် ထိတွေ့မှုရှိသူတစ်ဦး ထိုစတိုးဆိုင်သို့ ဈေးလာဝယ်သည်ဟုဆိုကာ ရုတ်တရက် lockdown လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းကျန်းမာရေးကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး Zhao Dandan က ဩဂုတ်လ (၁၄) ရက်နေ့တွင် ပြောသည်။

အဆိုပါ အနီးကပ် ထိတွေ့မှုရှိသူက မည်သည့်အချိန်တွင် Ikea စတိုးဆိုင်သို့ လာရောက်ခဲ့ကြောင်းကိုမူ ၎င်းက မပြောခဲ့သော်လည်း Ikea စတိုးဆိုင်နှင့် ဆက်စပ်ဧရိယာထဲတွင် ရှိနေခဲ့သူများကို (၂) ရက်ကြာ lockdown လုပ်ထားမည်ဖြစ်ပြီး (၅) ရက်ကြာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သွားမည်ဟု Zhao Dandan က ပြောသည်။

ဩဂုတ်လ (၁၄) ရက်နေ့အထိ အဆိုပါ အသက် (၆) နှစ်အရွယ် COVID-19 ကူးစက်လူနာနှင့် အနီးကပ် ထိတွေ့မှုရှိခဲ့ပြီး ရောဂါလက္ခဏာမပြသူ (၄၀၀) နီးပါးကို ခြေရာခံခဲ့ပြီး လူ (၈၀,၀၀၀) ကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ မရှိ PCR စစ်ဆေးမှုလုပ်ရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။

Ikea စတိုးဆိုင် ဈေးဝယ်သူဆိုင်ရာဌာနက စတိုးဆိုင်ကို COVID-19 ထိန်းချုပ်ရန်အတွက် ပိတ်ထားကြောင်း ဩဂုတ်လ (၁၄) ရက်နေ့တွင် ပြောခဲ့သည်။

ရှန်ဟိုင်းမြို့ Xuhui ခရိုင်ရှိ Ikea စတိုးဆိုင်ကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံတဝန်းတွင် ဆွီဒင်အခြေစိုက် Ikea ပရိဘောဂနှင့် မီးဖိုချောင်သုံးပစ္စည်းဆိုင်ခွဲပေါင်း (၃၅) ဆိုင် ဖွင့်လှစ်ရောင်းချနေသည်။ 

တရုတ်နိုင်ငံက COVID-19 လုံးဝကင်းစင်ရေး "zero-Covid" မူဝါဒကို ကျင့်သုံးနေဆဲဖြစ်ပြီး ကူးစက်မှုအနည်းငယ်မျှတွေ့ရှိရသည်နှင့် အလျင်အမြန် lockdown လုပ်ခြင်း၊ လူအစုအပြုံလိုက်ကို ဗိုင်းရစ်ပ်စစ်ဆေးခြင်းနှင့် တင်းကျပ်သည့် lockdown လုပ်ခြင်းတို့ အပါအဝင် အစီအမံများကို လုပ်ဆောင်နေသည်။

ယခုလအစောပိုင်းကလည်း တရုတ်၏ဟာဝိုင်အီဟု လူသိများသော Sanya မြို့တွင် COVID-19 ကူးစက်မှု (၂၆၃) ခု တွေ့ရှိရပြီးနောက် ဩဂုတ်လ (၆) ရက်နေ့မှစပြီး ထိုမြို့မှ လေယာဥ်နှင့်ရထားခရီးစဥ် အားလုံးကို ဖျက်သိမ်းကာ lockdown သတ်မှတ်လိုက်ရာ ခရီးသွား (၈၀,၀၀၀) ကျော် သောင်တင်နေခဲ့ရသည်။

Source: CNN, BBC, CNA