ရှန်ဟိုင်းမြို့ရှိ Disney အပန်းဖြေဥယျာဥ်ကို ရုတ်တရက် Lockdonw လုပ်လိုက်ရာ လာရောက် လည်ပတ်သူများ ပိတ်မိ

ရှန်ဟိုင်းမြို့ရှိ Disney အပန်းဖြေဥယျာဥ်ကို ရုတ်တရက် Lockdonw လုပ်လိုက်ရာ လာရောက် လည်ပတ်သူများ ပိတ်မိ
နိုဝင်ဘာ 1, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Disney အပန်းဖြေဥယျဥ်ကို သမ္မတရှီကျင့်ဖျင် အစိုးရ၏ COVID-19 လုံးဝကင်းစင်ရေး zero-Covid မူဝါဒအရ ရုတ်တရက် lockdown လုပ်လိုက်ရာ လာရောက်လည်ပတ်သူများ ပိတ်မိနေခဲ့ကြကြောင်း သိရသည်။ 

Shanghai Disney အပန်းဖြေဥယျာဥ်အတွင်း ရောက်ရှိနေသူအားလုံးကို COVID-19 ကူးစက်ခံရမှု မရှိကြောင်း စစ်ဆေးမှုအဖြေ ပြသနိုင်မှသာ အပြင်ထွက်ခွင့် ပြုမည်ဟု ဆိုသည်။

ရှန်ဟိုင်းမြို့တွင် အောက်တိုဘာလ (၂၉) ရက်နေ့က ပြည်တွင်းကူးစက်မှု (၁၀) ခု တွေ့ရှိရပြီးနောက် ထိုသို့ စီမံဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။ 

တရုတ်အစိုးရ၏  zero-Covid မူဝါဒကြောင့် လူဦးရေ သန်းနှင့်ချီ အကြိမ်ကြိမ် lockdown ကြုံခဲ့ရပြီး တစ်ခါတရံ ပုံမှန် မဟုတ်သည့်နေရာများတွင် ပိတ်မိခဲ့ကြကြောင်း သိရသည်။ 

တရုတ်နိုင်ငံတွင် ရုတ်တရက် lockdonw လုပ်မှုကြောင့် ဆွီဒင်ပရိဘောလုပ်ငန်းကြီး Ikea ၏ ရှန်ဟိုင်းဆိုင်ခွဲဖြစ်ရပ် အပါအဝင် ဈေးဆိုင်များနှင့် လုပ်ငန်းခွင်များမှ လူအများ ထွက်ပြေးကြသည့် ဖြစ်ရပ်များလည်းရှိခဲ့သည်။

တရုတ်အလယ်ပိုင်း Zhengzhou မြို့ရှိ iPhone တပ်ဆင်ထုတ်လုပ်ရေး Foxconn စက်ရုံကိုလည်း COVID-19 ကူးစက်မှုကြောင့် lockdown လုပ်ခဲ့ရာ အလုပ်သမားများ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ 

အွန်လိုင်းဗီဒီယိုတစ်ခုတွင် လူ (၁၀) ဦးက ထိုစက်ရုံ၏ ခြံစည်းရိုးအပြင်ဘက်ကို ခုန်ကျော်ပြီး ထွက်ပြေးခဲ့ကြောင်း တွေ့ရသည်။

Shanghai Disney ဥယျာဥ်တွင် ရုတ်တရက် lockdown ကြောင့် ပိတ်မိနေသူများမှာမူ The Happiest Place on Earth ဟု တင်စားထားသည့် ဥယျာဥ်အတွင်းရှိ စီးနင်းစရာများကို ၎င်းတို့အတွက် ဆက်လက် လည်ပတ်ပေးထားရာ အပြင်မထွက်နိုင်သော်လည်း ဖြေသိမ့်စရာရှိသေးသည်ဟု ဆိုသည်။ 

Shanghai Disney အပန်းဖြေဥယျာဥ်အပြင် အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်တန်းများကိုလည်း အောက်တိုဘာလ (၃၁) ရက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီခွဲမှစပြီး ရုတ်တရက် lockdown လုပ်လိုက်ခြင်း ဖြစ်သည်။



Source: BBC

Photo: REUTERS, REUTERS/Aly Song,