ရုရှားက ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့ပိုင်းတွင် အရပ်သား (၁၁) ဦး ထပ်မံ သေဆုံး

ရုရှားက ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့ပိုင်းတွင် အရပ်သား (၁၁) ဦး ထပ်မံ သေဆုံး
By Mr John

ရုရှားတပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်း Sloviansk မြို့ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ လူနေတိုက်ခန်းတွဲ အဆောက်အအုံကို ထိမှန်ခဲ့မှုကြောင့် အနည်းဆုံး အရပ်သား (၁၁) ဦး သေဆုံးပြီး (၂၁) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးသွားခဲ့သည်။ 

အရှေ့ပိုင်း Donetsk နယ်မြေရှိ အရေးပေါ်ဌာနက ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဧပြီလ (၁၄) ရက်နေ့ ညသန်းခေါင်အချိန်တွင် သေဆုံးမှုအရေအတွက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ရုရှားက Sloviansk မြို့ကို ၂၀၂၃ခုနှစ် ဧပြီလ (၁၄) ရက်နေ့တွင် S-300 ဒုံးကျည် (၇) စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း Donetsk နယ်မြေ အုပ်ချုပ်ရေးမှူး Pavlo Kyrylenko က အစောပိုင်းတွင် ပြောခဲ့သည်။ 

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် Bakhmut မြို့၏ အနောက်ဘက်ရှိ Sloviansk မြို့တွင် ဒုံးကျည် (၇) စင်းထက်မနည်း ထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များက ကရိန်းများ၊ လှေကားများနှင့် အခြား အကြီးစား ကိရိယာများသုံးပြီး ဒုံးကျည်ထိမှန်ခံရသည့် နေရာတွင် ညလုံးပေါက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 ဒုံးကျည်ထိမှန်ခဲ့သည့် လူနေတိုက်ခန်းတွဲ အဆောက်အအုံမှာ ဆိုးရွားစွာ ပျက်စီးနေသည်ကို တွေ့ရပြီး အထပ် (၅) ထပ်ပါ တိုက်ခန်းတွဲ၏ အပေါ်ဆုံး (၂) ထပ် ပြိုကျသွားခဲ့သည်။ 

ရုရှားတိုက်ခိုက်မှုကြောင့် အထပ်များပါဝင်သော အဆောက်အအုံများနှင့် လုံးချင်းနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း အရေးပေါ်ဌာနက ပြောသည်။

"ဆိုးယုတ်တဲ့ နိုင်ငံက သူ့ရဲ့ သရုပ်မှန်ကို နောက်တစ်ကြိမ် လက်တွေ့ပြလိုက်တာပဲ။ နေ့ခင်းကြောင်တောင် လူတွေသတ်ပြီး ဘဝတွေအားလုံးကို ဖျက်ဆီးနေတယ်" ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက အွန်လိုင်းပို့စ်တစ်ခုတွင် ရေးသားပြောဆိုထားသည်။ 

လက်ရှိတွင် Bakhmut မြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် ရုရှားတပ်ဖွဲ့များက ထိုမြို့၏အနီးအနားရှိ Solviansk နှင့် Kramatorsk မြို့ နှစ်မြို့လုံးကိုလည်း ထိန်းချုပ်လိုနေခြင်း ဖြစ်သည်။ 

Bakhmut မြို့တွင် ရုရှားက အပြင်းအထန် ထိုးစစ်ဆင်နေခဲ့ပြီး ယူကရိန်းတပ်ဖွဲ့များ ထိုမြို့မှ ဆုတ်ခွာသွားမည်ဟု ဆိုသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ (၉) ရက်အထိ စစ်ပွဲကြောင့် အရပ်သား (၈,၄၉၀) ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UN High Commissioner for Human Rights (OHCHR) က ၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက်တွင် အတည်ပြုထားသည်။ 

စစ်ပွဲဇုန်အတွင်း အချက်အလက် စုဆောင်းရယူရန် အကန့်အသတ်ရှိမှုကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်းလည်း OHCHR က ဆိုသည်။

Source: Reuters