တရုတ်နှင့် တင်းမာမှုများရှိနေသည့် ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

Photo: Taiwan Ministry of Foreign Affairs
Photo: Taiwan Ministry of Foreign Affairs
တရုတ်နှင့် တင်းမာမှုများရှိနေသည့် ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ
သြဂုတ် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့ကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေစဥ် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ထိုင်ဝမ်သို့ ဩဂုတ်လ (၁၄) ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

ထိုအဖွဲ့က ထိုင်ဝမ်သို့ (၂) ရက်ကြာ ခရီးစဥ်လာရောက်ခြင်းဖြစ်ပြီး ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ 

ကြိုတင်ကြေညာခြင်းမရှိခဲ့သည့် ယခုခရီးစဥ်မှာ တရုတ်နှင့်ထိုင်ဝမ် တင်းမာမှုများ မြင့်တက်နေစဥ် အမေရိကန်၏ ဒုတိယမြောက် အဆင့်မြင့်ကိုယ်စားလှယ်ခရီးစဥ်လည်း ဖြစ်လာသည်။

ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားသည့် တရုတ်က ယခုလအတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ တိုင်ပေသို့လာရောက်ခဲ့သည့် ခရီးစဥ်အပေါ် ဒေါသထွက်ကြောင်း တုံ့ပြန်ပြသမှုအဖြစ် ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ 

ပယ်လိုစီ၏ ခရီးစဥ်အပြီး (၁၂) ရက်အကြာတွင် ယခုလာရောက်သည့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ဆီးနိတ်လွှတ်တော်အမတ် Ed Markey က ဦးဆောင်ပြီး အခြား အမတ် (၄) ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ဩဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံမည်ဟု ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ထားသည်။ 

"အထူးသဖြင့် တရုတ်က ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်းမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး တင်းမာမှုတိုးနေသည့် ယခုအချိန်တွင် Markey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်ခရီးစဥ်က အမေရိကန်ကွန်ဂရက်လွှတ်တော်အနေဖြင့် ထိုင်ဝမ်အတွက် အခိုင်အမာ အားပေးထောက်ခံမှုကို နောက်တစ်ကြိမ် လက်တွေ့ပြခြင်းဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ထိုင်ဝမ် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး၊ ဒေသတွင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာတဝန်း ထောက်ပံ့မှုကွင်းဆက်၊ ရာသီဥတုဖောက်ပြန်မှုနှင့် အခြား နှစ်ဖက်အကျိုးစီးပွား၏ အရေးပါသောကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု အမေရိကန်ဘက်က ထုတ်ပြန်ထားသည်။

Source: Reuters, BBC

Photo: Taiwan Ministry of Foreign Affairs