နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း တိုက်ခိုက်ခံရပြီး အနည်းဆုံး လူ (၅၀) ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း တိုက်ခိုက်ခံရပြီး အနည်းဆုံး လူ (၅၀) ဦး သေဆုံး
By Mr John

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဇွန်လ (၅) ရက်က တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းရန် လူအများစုရုံးရောက်ရှိနေစဥ် သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ (၅၀) ဦး သေဆုံးခဲ့ကြောင်း ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် ပြည်တွင်းမီဒီယာက ပြောသည်။

သေနတ်သမားများက အဆိုပါ ဘုရားကျောင်းအဆောက်အအုံ အပြင်ဘက်နှင့် အတွင်းထဲရှိ လူတွေကို ပစ်ခတ်ခဲ့မှုကြောင့် ဝတ်ပြုဆုတောင်းသူများ သေဆုံးဒဏ်ရာရခဲ့ကြသည်ဟု Ondo ပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Funmilayo Ibukun Odunlami က ဆိုသည်။ 

Owo မြို့ရှိ စိန့်ဖရန်စစ် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း (St Francis Catholic Church) တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူ မည်မျှရှိကြောင်းကို Funmilayo က အတည်ပြုခြင်းမရှိသော်လည်း တိုက်ခိုက်မှုအကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ပြောခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းသို့ လာရောက်ကြည့်ရှုခဲ့သည့် Ondo ပြည်နယ် အုပ်ချုပ်ရေးမှူး Arakunrin Oluwarotimi Akeredolu က တနင်္ဂနွေနေ့ဖြစ်ရပ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် ဖြစ်ခွင့်မပြုသင့်ဟု ဆိုသည်။ 

ဘုရားကျောင်းကို တိုက်ခိုက်ခဲ့သည့် သေနတ်သမားများမှာ မည်သူဖြစ်ကြောင်းနှင့် တိုက်ခိုက်ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း ဇွန်လ (၆) ရက်နေ့ Reuters သတင်းတွင် ဖော်ပြသည်။

"စုရုံးဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေတုန်းမှာ အမည်မသိ သေနတ်သမားတွေက စိန့်ဖရန်စစ် ကက်သလစ်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့လို့ အများအပြား သေဆုံးနိုင်၊ အခြား အများအပြား ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်း ထိပါးခံခဲ့ရတာက အလွန်ဝမ်းနည်းစရာပါ" ဟု နိုင်ဂျီးရီးယားနိုင်ငံ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း ပြောခွင့်ရအမျိုးသား ဘုန်းတော်ကြီး Augustine Ikwu က ပြောသည်။

တိုက်ခိုက်ခံရမှုအတွင်း ဘုရားကျောင်းမှ ခရစ်ယာန်ဂိုဏ်းအုပ်နှင့် ဘုန်းတော်ကြီးတို့ ဒဏ်ရာမရဘဲ အသက်ရှင်ခဲ့ကြသည်ဟု Augustine Ikwu က ဆိုသည်။ 

တိုက်ခိုက်မှုဖြစ်ပွားသည့် ဘုရားကျောင်းမှ အနည်းဆုံး ရုပ်အလောင်း (၅၀) ကို ဆေးရုံ (၂) ခုသို့ ယူဆောင်လာခဲ့ကြောင်း Owo မြို့ရှိ ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့သည်။ 

ထိုဆရာဝန်က သတင်းမီဒီယာ ပြောခွင့်မရှိသောကြောင့် ၎င်း၏အမည်ကို ထုတ်ဖော်ပြောရန် ငြင်းဆန်ခဲ့ပြီး ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေကို ကုသရန်အတွက် သွေးလှူဒါန်းမှုများ လိုအပ်နေခဲ့ကြောင်းလည်း ပြောခဲ့သည်။

ဘုရားကျောင်းကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် Owo မြို့မှာ နိုင်ဂျီးရီးယားအနောက်တောင်ပိုင်း Ondo ပြည်နယ်တွင်ရှိပြီး ထိုပြည်နယ်မှာ ဘာသာရေးနှင့်ပတ်သက်သည့် အကြမ်းဖက်ပဋိပက္ခများ အဖြစ်များသည့်နေရာလည်း ဖြစ်သည်။ 

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင်မူ အစ္စလာမ်မစ် လက်နက်ကိုင်သောင်းကျန်းမှုကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ထို့အပြင် လက်နက်ကိုင်ဂိုဏ်းများကလည်း တိုက်ခိုက်မှုများနှင့် ပြန်ပေးရွေးငွေအတွက် ပြန်ပေးဆွဲမှုများ လုပ်ဆောင်နေကြပြီး အများအားဖြင့် နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းတွင် ဖြစ်သည်။ 

ယခု ဘုရားကျောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားရာ နိုင်ဂျီးရီးယား အနောက်တောင်ပိုင်းတွင်မူ ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွားမှုရှားပါးကြောင်း သိရသည်။

Photo: REUTERS/Stringer, REUTERS/Temilade Adelaja, Rahaman A Yusuf/AP,

Source: Reuters