အမေရိကန်အောက်လွှတ်တော်ဥက္ကဌ၏ ထိုင်ဝမ်ခရီးစဥ်ကို တရုတ်က စစ်ရေးလှုပ်ရှားမှုဖြင့် တုံ့ပြန်

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ၏ ထိုင်ဝမ်ခရီးစဥ်ကို တရုတ်က စစ်ရေးလှုပ်ရှားမှုဖြင့် တုံ့ပြန်
By Mr John

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီက  ထိုင်ဝမ်သို့ ဩဂုတ်လ (၂) ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

ပယ်လိုစီ၏ ယခုခရီးစဥ်မှာ (၂၅) နှစ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌတစ်ဦး ထိုင်ဝမ်သို့ ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်လာသလို အမေရိကန်နှင့်တရုတ်တို့ကြား ဆက်ဆံရေးကို အဆိုးဆုံးအခြေအနေသို့ ဦးတည်သွားစေနိုင်ပြီး တရုတ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်မှုဖြင့် တုံ့ပြန်မည်ဟု ဆိုသည်။

ပယ်လိုစီနှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့က တိုင်ပေမြို့လယ်ရှိ Songshan လေဆိပ်သို့ အမေရိကန်စစ်လေယာဥ်ဖြင့် ရောက်ရှိလာခဲ့ကြရာ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu နှင့် ထိုင်ဝမ်ရှိ အမေရိကန်ကိုယ်စားလှယ် Sandra OUdkirk တို့က ကြိုဆိုခဲ့ကြသည်။ 

"ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ထိုင်ဝမ်ခရီးစဥ်က ထိုင်ဝမ်ရဲ့ တက်ကြွတဲ့ ဒီမိုကရေစီကို အားပေးထောက်ခံမှုမှာ အမေရိကရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ် တည်ကြည်မှုပါ" ဟု ပယ်လိုစီက ထိုင်ဝမ်သို့ရောက်ရှိပြီး မကြာမီ ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

"ကမ္ဘာကြီးက အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီကြား ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေတာကြောင့် ထိုင်ဝမ်ပြည်သူ (၂၃) သန်းနဲ့အတူ အမေရိကရဲ့ စည်းလုံးညီညွတ်မှုက ဒီကနေ့မှာ အရင်ကထက် ပိုအရေးကြီးပါတယ်" ဟုလည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ပယ်လိုစီက ဆိုသည်။ 

ပယ်လိုစီက အာရှခရီးစဥ်အဖြစ် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကို သွားရောက်မည်ဟု ကြေညာထားခဲ့သည်။

အသက် (၈၂) နှစ်အရွယ် ပယ်လိုစီက ၎င်း၏ အာရှခရီးစဥ်အတွင်း သွားရောက်မည့်နေရာများတွင် ထိုင်ဝမ်အမည်ကို ထည့်သွင်းကြေညာထားခဲ့ခြင်း မရှိသော်လည်း ထိုင်ဝမ်ကိုသွားလိမ့်မည်ဟု အများစုက ကြိုတင်မျှော်လင့်ထားကြသည်။ 

ပယ်လိုစီက ဩဂုတ်လ (၃) ရက် နံနက်ပိုင်းတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ 

ထို့နောက် နေ့လယ်စာစားပြီးချိန်တွင် ထိုင်ဝမ်မှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

တရုတ်နိုင်ငံက ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်ကို ကန့်ကွက်နေခဲ့ပြီး ဩဂုတ်လ (၂) ရက်နေ့က ၎င်းရောက်ရှိမလာမီ ထိုင်ဝမ်ရေလက်ကြားကို ပိုင်းခြားထားသော နယ်စပ်မျဥ်းတစ်လျှောက် စစ်လေယာဥ်များ စေလွှတ်ပျံသန်းစေခဲ့သည်။

 အောက်လွှတ်တော်ဥက္ကဌ ပယ်လိုစီ ထိုင်ဝမ်ကိုသွားရောက်ပါက အမေရိကန်အနေဖြင့် ပေးဆပ်ရမည်ဟု တရုတ်က သတိပေးခဲ့သည်။

ထိုင်ဝမ်အရေးတွင် မီးနှင့်ကစားနေကြသည့် အမေရိကန်နိုင်ငံရေးသမားများ အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဩဂုတ်လ (၂) ရက်နေ့တွင် ပြောဆိုခဲ့သည်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်ကို တုံ့ပြန်မှုအဖြစ် ဩဂုတ်လ (၂) ရက် ညပိုင်းမှစပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်မည်ဟု တရုတ်က ပြောသည်။ 

တရုတ်စစ်တပ်က ထိုင်ဝမ်အနီးတွင် ပင်လယ်ပြင်အတွင်းသို့ ဒုံးကျည်ပစ်လွှတ်မှုများ အပါအဝင် စစ်ရေးလေ့ကျင်မှုလုပ်မည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

တရုတ်က ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရမည့် ပြည်မကြီး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသည်။ 

ထိုင်ဝမ်ကို ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးတွင် လိုအပ်ပါက အင်အားသုံးမည်ဟုလည်း တရုတ်အာဏာပိုင်တွေက ထုတ်ဖော်ပြောထားသည်။ 

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာပါက စစ်ရေးအရ အကာအကွယ်ပေးရန် လိုလိုလားလားရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ အာရှခရီးစဥ်အတွင်း မေလ (၂၃) ရက်တွင် ထုတ်ပြောခဲ့သည်။

"တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကျွန်တော်တို့ သဘောတူပါတယ်။ ဒါကို လက်မှတ်ရေးထိုးထားပြီးပါပြီ။ ဒါပေမဲ့ ထိုင်ဝမ်ကို စစ်အင်အားသုံးပြီးသိမ်းမယ်ဆိုတဲ့ အကြံအစည်ကတော့ မသင့်လျော်ပါဘူး" ဟု ဂျိုးဘိုင်ဒန်က ပြောသည်။ 

ထိုအခြေအနေများရှိနေခဲ့မှုတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ပီလိုစီ၏ ထိုင်ဝမ်ခရီးစဥ်ကို တရုတ်က မည်သို့တုံ့ပြန်မည်နှင့် အမေရိကန်-တရုတ် ဆက်ဆံရေး မည်သို့ဆက်ဖြစ်လာမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

Source: Reuters, CNN

Photo: REUTERS/Ann Wang