အာဏာသိမ်းစစ်အုပ်စုကို အထောက်အကူ ပြုနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းနှင့် ခရိုနီ (၄)ဦး မိသားစုတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

အာဏာသိမ်းစစ်အုပ်စုကို အထောက်အကူ ပြုနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းနှင့် ခရိုနီ (၄)ဦး မိသားစုတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| နိုင်ငံတကာသတင်း

 အာဏာသိမ်းပြီး ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် စစ်အာဏာသိမ်းအုပ်စုနှင့် ဆက်စပ် အထောက်အကူပြုနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊  မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းနှင့် ခရိုနီ (၄)ဦး မိသားစုလုပ်ငန်းတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သည်။

မြန်မာ့စစ်အာဏာသိမ်း (၃)နှစ်ပြည့်အဖြစ် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် အဆိုပါ အရေးယူပိတ်ဆို့မှုစာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်အား အာဏာသိမ်းစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက် (Myanmar Economic Holdings Limited-MEHL)နှင့် စီးပွားရေးဆက်စပ်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီတို့အား ဒဏ်ခတ်အရေးယူပိတ်ဆို့လိုက်သည့်အပြင် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ ဥက္ကဌ သိန်းဝင်းဇော်၊ ဇနီး တင်မင်းလတ်၊ သမီးဖြစ်သူ သိမ့်ဝင်းထက်နှင့် သားဖြစ်သူ ဝင်းပိုင်ကျော်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းအုပ်စုသည် (၃)နှစ်တာကာလအတွင်း ပြည်သူများအား ရက်စက်စွာ အကြမ်းဖက်နှိမ်နှင်းမှုများကို လုပ်နေဆဲဖြစ်သည့်အတွက် ၎င်းတို့အား ဘဏ္ဍာငွေနှင့် အရင်းအမြစ် အထောက်အပံ့ဖြစ်စေသည့် လုပ်ငန်း၊ လူပုဂ္ဂိုလ်တို့အား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။