တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ
By Mr John

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီးပတ်လည် ပင်လယ်ရေပြင်တွင် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုများအပါအဝင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုများကို ဩဂုတ်လ (၄) ရက်နေ့၌ စတင်ပြုလုပ်နေကြောင်း သိရသည်။ 

တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ကျွန်းပတ်လည် နေရာ (၆)နေရာတွင် ပြုလုပ်နေခြင်းဖြစ်ပြီး ဩဂုတ်လ (၇) ရက်နေ့၌ ပြီးဆုံးမည်ဟု ဆိုသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်ကို တရုတ်က စစ်ရေးလှုပ်ရှားမှုဖြင့် တုံ့ပြန်မှုအဖြစ် ယခုစစ်ရေးလေ့ကျင်မှုများ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ 

တရုတ်အစိုးရက ထိုခရီးစဥ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး ထိုင်ဝမ်မှာ ပြန်လည်ပေါင်းစည်းရမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၎င်း၏ နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောဆိုထားသည်။ 

ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးတွင် လိုအပ်ပါက စစ်အင်အားသုံးမည်ဟုလည်း တရုတ်က ထုတ်ဖော်ပြောထားသည်။ 

တရုတ်စစ်တပ်က ဩဂုတ်လ (၄) ရက် ဒေသစံတော်ချိန် မွန်းတည့် (၁၂) နာရီတွင် စတင်ပြုလုပ်နေသည့် စစ်ရေးလေ့ကျင်မှု နေရာများမှာ ထိုင်ဝမ်ကျွန်း၏ ရေမိုင် (၁၂) မိုင် ဧရိယာအတွင်းဖြစ်ကြောင်း သိရသည်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ၏ ခရီးစဥ်အပြီးတွင် တရုတ်က ထိုင်ဝမ်နှင့် ကုန်သွယ်ရေးကိုလည်း ပိတ်ပင်မှုများရှိခဲ့သည်။ 

ထိုင်ဝမ်မှ သစ်သီးနှင့်ငါး တင်သွင်းနေမှုများနှင့် ထိုင်ဝမ်သို့ သဘာဝသဲတင်ပို့မှုကို တရုတ်က ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

တရုတ်၏ စစ်ရေးလေ့ကျင့်မှုက ပင်လယ်ရေကြောင်းနှင့် လေကြောင်း သွားလာမှုတို့ကို ပိတ်ဆို့စေသည်ဟု ထိုင်ဝမ်က ပြောသည်။

စင်ကာပူလေကြောင်းလိုင်း Singapore Airlines (SIA) မှ ပြောခွင့်ရပုဂ္ဂိုလ်က CNA သတင်းဌာနကို ပြောကြားမှုအရ လေယာဥ်များကို တရုတ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် ထိုင်ဝမ်ကျွန်းအနီး နေရာများကို ရှောင်ကွင်းပျံသန်းစေကြောင်း သိရသည်။ 

တောင်ကိုရီးယားနိုင်ငံ၏ Korean Air နှင့် Asiana Airlines လေကြောင်းလိုင်းများကမူ ထိုင်ဝမ်သို့ပျံသန်းသည့် လေယာဥ်ခရီးစဥ်များကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။ 

Korean Air က အင်ချွန်းနှင့်ထိုင်ဝမ်ကြား လေယာဥ်ခရီးစဥ်များကို ဩဂုတ်လ (၅) ရက်နှင့် (၆) ရက်တို့တွင် ရပ်ဆိုင်းထားမည်ဖြစ်ပြီး Asiana Airlines က ထိုင်ဝမ်သို့ တိုက်ရိုက်ပျံသန်းသည့် လေယာဥ်ခရီးစဥ်ကို ဩဂုတ်လ (၅) ရက်တွင် ရပ်ဆိုင်းထားပြီး အခြေအနေ စောင့်ကြည့်မည်ဟု ဆိုသည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုများမှာ တာဝန်မဲ့ပြီး ထိန်းမရနိုင်သည့်အခြေအနေ ဖြစ်သွားနိုင်သည်ဟု အမေရိကန်နိုင်ငံက ဆိုသည်။

ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်အပြီး ဩဂုတ်လ (၃) ရက်နေ့ကလည်း တရုတ်တိုက်လေယာဥ် (၂၇) စီးက ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း ဝင်ရောက်လာခဲ့ကြောင်းနှင့် ၎င်းတို့အနက် (၂၂) စီးက တရုတ်နှင့်ထိုင်ဝမ်ကို ပိုင်းခြားထားသော ထိုင်ဝမ်ရေလက်ကြား အလယ်မျဥ်းကို ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် တရုတ်နှင့်ထိုင်ဝမ်ကြား ဆက်ဆံရေး ပိုမိုတင်းမာလာနေသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ပယ်လိုစီ ထိုင်ဝမ်မှ ပြန်ထွက်ခွာသွားပြီးနောက် နာရီပိုင်းအကြာ ဩဂုတ်လ (၃) ရက် ညပိုင်းကလည်း သံသယဖြစ်ဖွယ် ဒရုန်းပျံသန်းမှုများကို ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံး ဝက်ဘ်ဆိုက်များကို ဟက်ကာများက ဆိုက်ဘာတိုက်ခိုက်မှုရှိခဲ့ကြောင်း ထိုင်ဝမ်အစိုးရပြောခွင့်ရအမျိုးသားက ဆိုသည်။

တရုတ်က အပြင်းအထန် ကန့်ကွက်သတိပေးမှုများရှိနေသည့်ကြားတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ပယ်လိုစီက ဩဂုတ်လ (၂) ရက် ညပိုင်းတွင် ထိုင်ဝမ်ကို သွားရောက်ခဲ့သည်။ 

ပယ်လိုစီ၏ ယခုခရီးစဥ်မှာ (၂၅) နှစ်အတွင်း အဆင့်အမြင့်ဆုံး ရွေးကောက်ခံ အမေရိကန်အရာရှိတစ်ဦး (အောက်လွှတ်တော်ဥက္ကဌတစ်ဦး) ထိုင်ဝမ်သို့ ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်လာသလို အမေရိကန်နှင့်တရုတ်တို့ကြား ဆက်ဆံရေးကို အဆိုးဆုံးအခြေအနေသို့ ဦးတည်သွားစေနိုင်ပြီး တရုတ်က စစ်ရေးလှုပ်ရှားမှု အပါအဝင် တုံ့ပြန်မှုများ လုပ်ဆောင်နေသည်။

Source: Reuters, BBC, CNA