ဖိလစ်ပိုင်တွင် အပူပိုင်း မုန်တိုင်းမက်ဂီ တိုက်ခတ်မှုကြောင့် လူ (၂၅) ဦးထက် မနည်း သေဆုံး

Photo: AFP
Photo: AFP
ဖိလစ်ပိုင်တွင် အပူပိုင်း မုန်တိုင်းမက်ဂီ တိုက်ခတ်မှုကြောင့် လူ (၂၅) ဦးထက် မနည်း သေဆုံး
By Mr John

 ဖိလစ်ပိုင်နိုင်ငံ အ‌ရှေ့ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းဒေသများတွင် အပူပိုင်းမုန်တိုင်းမက်ဂီတိုက်ခတ်မှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့မှုအတွင်း အနည်းဆုံး လူ (၂၅) ဦး‌ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဧပြီလ(၁၁)ရက်တွင် ပြောသည်။

မုန်တိုင်းက ဖိလစ်ပိုင်ကို တစ်နာရီလျှင် မိုင် (၄၀) အထိဖြင့် ဧပြီ (၁၀) ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်နာရီလျှင် (၄၉) မိုင်အထိရှိသည့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်းကြောင့် လူဦးရေ (၁,၃၀၀)ကျော် အရေးပေါ် ခိုလှုံရေးစခန်းများသို့ ထွက်ပြေးခဲ့ကြရသည်။ မက်ဂီသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်သည့် ပထမဆုံး မုန်တိုင်းလည်း ဖြစ်လာသည်။ ကျွန်းဆွယ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်ကို နှစ်စဥ် မုန်တိုင်းအရေအတွက် (၂၀) ခန့် ဝင်ရောက်တိုက်ခတ်ကြောင်း သိရသည်။ 

ဖိလစ်ပိုင်အရှေ့ပိုင်းပြည်နယ် Leyte တွင် မြေပြိုမှုတစ်ခုအတွင်း နစ်မြုစ်သေဆုံးခဲ့သည့် လူ (၂၂) ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိကြောင်း Baybay မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Joemen Collado က သတင်းထောက်တွေကို ပြောခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနကလည်း နိုင်ငံတောင်ပိုင်း ဒါဗာအိုနယ်မြေတွင် လူ(၃)ဦး သေဆုံးခဲ့ကြောင်းနှင့် သေဆုံးဒဏ်ရာရမှု သတင်းတွေကို စိစစ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ "လူနေဒေသတွေမှာ မြေပြိုမှုတွေဖြစ်ခဲ့တယ်။ သေဆုံးသူအချို့က ရေကြီးမှုထဲ ပါသွားတယ်" ဟု Joemen Collado က ပြောသည်။ 

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်းနှင့် အနည်းဆုံး လူ (၆) ဦး ပျောက်ဆုံးနေကြောင်းလည်း ၎င်းကဆိုသည်။

အပူပိုင်းမုန်တိုင်းမက်ဂီ၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၂၈) မိုင်နီးပါးအဖြစ် အားလျော့နည်းသွားပြီး ဧပြီ (၁၂) ရက်တွင် ပင်လယ်ပြင်သို့ ပြန်ထွက်သွားမည်ဟု ခန့်မှန်ထားကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောသည်။



Source: Reuters