မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုအထောက်အထားများ တိုးလာကြောင်း UN စုံစမ်းစစ်ဆေးရေးမှူးများ ဆို

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုအထောက်အထားများ တိုးလာကြောင်း UN စုံစမ်းစစ်ဆေးရေးမှူးများ ဆို
သြဂုတ် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံတွင် ယမန်နှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း လူသတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှုနှင့် လိင်အကြမ်းဖက်မှု အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ တိုးမြှင့်နေခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ဩဂုတ်လ (၉) ရက်နေ့တွင် ပြောသည်။

ထိုရာဇဝတ်မှုများတွင် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ ပစ်မှတ်ထားခံနေကြရကြောင်းလည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုယန္တရား Independent Investigative Mechanism for Myanmar (IIMM) က ဆိုသည်။

 IIMM က ၎င်းတို့ထံတွင် ရာဇဝတ်မှုအထောက်အထားများစွာကို စုဆောင်းရရှိထားသလို အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုများဖြစ်ကြောင်း ညွှန်ပြနေသည့်လက္ခဏာများလည်းရှိသည်ဟု ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က စပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း ညွှန်ပြနေသည့် ဗီဒီယို၊ ဓာတ်ပုံနှင့် စာရွက်စာတမ်း သတင်းအချက်အလက်များစွာ စုဆောင်းရရှိခဲ့ကြောင်း IIMM က အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ရာဇဝတ်မှုကျူးလွန်မှု သိသာစွာများပြားနေပြီး အရပ်သားများကို စနစ်တကျ တိုက်ခိုက်မှုများရှိနေကြောင်း IIMM က ပြောသည်။

"ဒီရာဇဝတ်မှုတွေကို ကျူးလွန်သူတွေအနေနဲ့ သူတို့ ပြစ်ဒဏ်မခံရဘဲ ဆက်လုပ်နေနိုင်မှာမဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။ သက်သေအထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းထိန်းသိမ်းနေပါတယ်။ ဒါမှ တစ်နေ့ကျရင် သူတို့ ရှင်းရပါလိမ့်မယ်" ဟု IIMM အကြီးအကဲ Nicholas Koumjian က ထုတ်ပြန်ချက်တွင် ပြောထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးကတည်းက ၎င်းတို့ကို ဆန့်ကျင်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းနေခဲ့ပြီး (၁၈) လအတွင်း စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၄,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။ 

ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁) သန်းကျော်ရှိနေပြီဟုလည်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း IIMM ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများ၏ သက်သေအထောက်အထားများ စုဆောင်းရန်နှင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်ခဲ့မှုများကို ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုအတွက် ပြင်ဆင်ရန်ဖြစ်ကြောင်း သိရသည်။ 

IIMM ၏ လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့ပြီး လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ နှစ်စဥ် အစီရင်ခံစာများ တင်သွင်းနေသည်။

Source: Reuters, AFP