ပါကစ္စတန်တွင် ပြည်သူများ လက်ဖက်ရည်လျှော့သောက်ကြရန် တိုက်တွန်း

Photo: AFP / Aamir QURESHI
Photo: AFP / Aamir QURESHI
ပါကစ္စတန်တွင် ပြည်သူများ လက်ဖက်ရည်လျှော့သောက်ကြရန် တိုက်တွန်း
By Mr John

ပါကစ္စတန်နိုင်ငံ၏ စီးပွားရေး တည်ငြိမ်နေစေရန်အတွက် ပြည်သူများ လက်ဖက်ရည်လျှော့သောက်ကြရန် စီမံကိန်းဝန်ကြီးက မေတ္တာရပ်ခံ တိုက်တွန်းထားသည်ဟု ဆိုသည်။ 

နေ့စဥ် လက်ဖက်ရည်လျှော့သောက်ခြင်းဖြင့် ပါကစ္စတန်၏ ပြည်ပသွင်းကုန်အတွက် ကုန်ကျစရိတ် လျော့ကျလိမ့်မည်ဟု စီမံကိန်းဝန်ကြီး Ahsan Iqbal က ပြောခဲ့သည်။ 

ပါကစ္စတန်တွင် နိုင်ငံခြားအရန်ငွေ လျော့နည်းနေပြီး လက်ရှိတွင် ပြည်ပသွင်းကုန်များ တင်သွင်းရန် နောက်ထပ် (၂) လအောက် ကာလအတွက်သာ လုံလောက်ကြောင်းနှင့် ဘဏ္ဍာငွေများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ပါကစ္စတန်သည် ကမ္ဘာ့အကြီးဆုံး လက်ဖက်ခြောက်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ယမန်နှစ်က အမေရိကန်ဒေါ်လာ သန်း (၆၀၀) ကျော်ဖိုး ဝယ်ယူခဲ့ကြောင်းလည်း သိရသည်။ 

"လက်ဖက်ခြောက်က ချေးငွေနဲ့တင်သွင်းနေရတာကြောင့် လက်ဖက်ရည်သောက်တာကို တစ်ခွက်ကနေ နှစ်ခွက်အထိ လျှော့သောက်ကြဖို့ နိုင်ငံကို ကျွန်တော် မေတ္တာရပ်ခံပါတယ်" ဟု စီမံကိန်းဝန်ကြီး Ahsan Iqbal က ပြောခဲ့ကြောင်း ပါကစ္စတန်မီဒီယာက ဖော်ပြသည်။

ထို့အတူ စီးပွားရေးလုပ်ငန်း အရောင်းအဝယ်သမားများလည်း လျှပ်စစ်ဓာတ်အားချွေတာရန် ၎င်းတို့၏ ဈေးဆိုင်များကို ည (၈) နာရီခွဲတွင် ပိတ်နိုင်ကြောင်း ၎င်းက အကြံပြုခဲ့သည်။ 

ပါကစ္စတန်၏ နိုင်ငံခြားအရန်ငွေ အလျင်အမြန် လျော့နည်းလာနေပြီး အစိုးရအနေဖြင့် သွင်းကုန်အတွက် ကုန်ကျစရိတ်လျှော့ချကာ နိုင်ငံတွင် ဘဏ္ဍာငွေရှိနေရန် ဖိအားတိုးလာခဲ့ပြီးနောက် ဝန်ကြီးက လက်ဖက်ရည်လျှော့သောက်ရန် မေတ္တာရပ်ခံလာခြင်း ဖြစ်သည်။

လက်ဖက်ရည်လျှော့သောက်ရန် မေတ္တာရပ်ခံမှုမှာ ပါကစ္စတန်ပြည်သူများကြား ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေပြီး အများအပြားက နိုင်ငံ၏ စိုးရိမ်စရာ ဘဏ္ဍာရေးပြဿနာများကို ကဖင်းဓာတ်ပါသည့် သောက်စရာ လျှော့ချခြင်းဖြင့် ဖြေရှင်းနိုင်မည်ဆိုခြင်းအပေါ် သံသယဖြစ်နေကြသည်။ 

ပါကစ္စတန်၏ နိုင်ငံခြားအရန်ငွေမှာ ဖေဖေါ်ဝါရီလတွင် ဒေါ်လာ (၁၆) ဘီလီယံ ရှိခဲ့ရာမှ ဇွန်လပထမပတ်တွင် ဒေါ်လာ (၁၀) ဘီလီယံအောက်သို့ လျော့နည်းသွားခဲ့သည်။ 

ထိုပမာဏမှာ ပြည်ပသွင်းကုန် အားလုံးအတွက် နောက် (၂) လစာ ကုန်ကျစရိတ် လုံလောက်ရုံမျှသာ ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ပါကစ္စတန်အာဏာပိုင်တွေက ဘဏ္ဍာငွေထိန်းသိမ်းရန် ရည်ရွယ်ပြီး ဒါဇင်နှင့်ချီသည့် မရှိမဖြစ် မဟုတ်သော တန်ဖိုးကြီး ပြည်ပသွင်းကုန်များ တင်သွင်းမှုကို ကန့်သတ်ခဲ့သည်။ 

ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်းက လွှတ်တော်မဲခွဲဆုံးဖြတ်မှုဖြင့် ဧပြီလအတွင်း ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရသည့် အမ်ရန်ခန်းနေရာကို ဆက်ခံခဲ့သူ လက်ရှိ ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်၏ အစိုးရအတွက် အဓိက စမ်းသပ်မှုတစ်ခု ဖြစ်လာသည်။

ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ပြီးနောက် မကြာမီမှာပင် အမ်ရန်ခန်း၏ ယခင်အစိုးရက စီးပွားရေးစီမံခန့်ခွဲမှုတွင် မှားယွင်းခဲ့ကြောင်း ရှရစ်ဖ်က စွပ်စွဲခဲ့ပြီး စီးပွားရေး ပြန်ကောင်းမွန်စေရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဝန်ကြီးချုပ်ရှရစ်ဖ်၏ အစိုးရအဖွဲ့က ဒေါ်လာ (၄၇) ဘီလီယံ ဘတ်ဂျက်အသစ်ကို ထုတ်ပြန်ခဲ့ကြောင်းနှင့် ထိုဘတ်ဂျက်အသစ်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) ထံမှ ဒေါ်လာ (၆) ဘီလီယံ ဘဏ္ဍာရေးအကူအညီ လုပ်ငန်းစဥ် ပြန်လည်စတင်ရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

ပါကစ္စတန်တွင် နိုင်ငံခြားအရန်ငွေ လျော့နည်းလာခြင်းနှင့် နှစ်ကာလရှည်ကြာ ဖွံ့ဖြိုးမှုတန့်နေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်း လျော့ပါးသက်သာစေရန် ၂၀၁၉ ခုနှစ်တွင် IMF နှင့် ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရခဲ့သည်။ 

သို့သော် ချေးငွေပေးမည့် အဖွဲ့ဝင်နိုင်ငံများက ပါကစ္စတန်၏ ဘဏ္ဍာရေးကို မေးမြန်းခဲ့ပြီးနောက် IMF ဘဏ္ဍာရေးအကူအညီ လုပ်ငန်းစဥ် ရပ်တန့်နေခဲ့သည်။

Source: BBC