ဖင်လန်နှင့် ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး တူရကီ ထောက်ခံလိုက်ပြီ

 တူရကီသမ္မတ Recep Tayyip Erdogan  [  Photo: VCG ]
တူရကီသမ္မတ Recep Tayyip Erdogan [ Photo: VCG ]
ဖင်လန်နှင့် ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေး တူရကီ ထောက်ခံလိုက်ပြီ
By Mr John

 NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင် တူရကီနိုင်ငံက ဖင်လန်နှင့် ဆွီဒင် နိုင်ငံတို့ကို အဖွဲ့ဝင်ဖြစ်ရန် ထောက်ခံမည်ဟု ဇွန်လ (၂၈) ရက်နေ့တွင် သဘောတူလိုက်ကြောင်း သိရသည်။ 

ကနဦးတွင် အဆိုပါ နှစ်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမှုကို တူရကီက ကန့်ကွက်ခဲ့သော်လည်း ဇွန်လ(၂၈)ရက်နေ့တွင် သဘောတူလိုက်ခြင်း ဖြစ်သည်။

 NATO အဖွဲ့တွင် အဖွဲ့ဝင်သစ်အဖြစ် လက်ခံရန်အတွက် လက်ရှိ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှု လိုအပ်ကြောင်း သိရသည်။ 

ဖင်လန် နှင့် ဆွီဒင် တို့က ကာဒစ်စစ်သွေးကြွများကို ခိုလှုံခွင့်ပေးရန် လိုလိုလားလားရှိသည်ဟု တူရကီက ရှုမြင်ထားပြီး ဒေါသထွက်နေခဲ့သည်။

ထိုနှစ်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရန် စီစဥ်နေမှုကို ရုရှားက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အနောက်အုပ်စု၏ ကာကွယ်ရေး စစ်ရေးမဟာမိတ်အဖွဲ့ တိုးချဲ့ခြင်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချပြီး ယူကရိန်းစစ်ပွဲကို ဆင်နွှဲခဲ့သည်။

 သို့သော် ရုရှား၏ ယူကရိန်းကို ကျူးကျော်စစ်က ဆန့်ကျင်ဘက် သက်ရောက်မှုဖြစ်စေခဲ့ပြီး ယခုအခါ ဖင်လန်နှင့် ဆွီဒင် က NATO အဖွဲ့ဝင်ဖြစ်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။

တူရကီ၊ ဖင်လန် နှင့် ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးများက တူရကီ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြထားသည့် ပူးတွဲလုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 NATO အကြီးအကဲ Jens Stoltenberg ၏ အဆိုအရ စစ်သွေးကြွအဖြစ် သံသယရှိသူများကို လွှဲပြောင်းပေးရန် တူရကီ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ ဆွီဒင် က ၎င်း၏လုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့သည်ဟု သိရသည်။

ထို့အတူ ဖင်လန်နှင့် ဆွီဒင် တို့က တူရကီကို လက်နက်ရောင်းချမှုအပေါ် ၎င်းတို့၏ ကန့်သတ်ချက်များကိုလည်း ရုပ်သိမ်းသွားရန် သဘောတူခဲ့ကြသည်ဟု Jens Stoltenberg က ဆိုသည်။ 

တစ်နိုင်ငံနှင့်တစ်နိုင်ငံ လုံခြုံရေးခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် အပြည့်အဝ ကူညီကြရန် (၃) နိုင်ငံက ပူးတွဲသဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဖင်လန်နိုင်ငံ၏သမ္မတ Niinisto က ပြောသည်။

ဆွီဒင်ဝန်ကြီးချုပ် Magdalena Andersson က NATO အဖွဲ့ဝင်ဖြစ်ရန် တူရကီ၏ သဘောတူမှုနှင့် (၃) နိုင်ငံ ပူးတွဲလုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့မှုမှာ NATO အတွက် အလွန်အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ 

တူရကီသမ္မတ Recep Tayyip Erdogan ၏ ရုံးက ဖင်လန်နှင့်ဆွီဒင် တို့ထံမှ လိုချင်နေသည်ကို ရရှိခဲ့ပြီဟု ပြောခဲ့သည်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် တုံ့ပြန်မှုအဖြစ် ဖင်လန်နှင့်ဆွီဒင် တို့က NATO အဖွဲ့ဝင်ဖြစ်ရန် မေလအတွင်း တရားဝင် လျှောက်ထားခဲ့ကြသည်။

Source: BBC