ဖင်လန် နှင့် ဆွီဒင်တို့၏ နေတိုးအဖွဲ့ဝင် အဖြစ် လျှောက်ထားမှုကို လက်မခံကြောင်း တူရကီပြော

ဖင်လန် နှင့် ဆွီဒင်တို့၏ နေတိုးအဖွဲ့ဝင် အဖြစ် လျှောက်ထားမှုကို လက်မခံကြောင်း တူရကီပြော
By Mr John

 

ဖင်လန် နှင့် ဆွီဒင်နိုင်ငံ တို့က NATO စစ်ရေးမဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားသွားမည်ဟု အတည်ပြု ကြေညာခဲ့ကြပြီးနောက် နာရီပိုင်းအကြာတွင် တူရကီသမ္မတက လက်မခံနိုင်ကြောင်း ၎င်း၏ ဆန့်ကျင်မှုကို ထပ်လောင်းပြောခဲ့သည်။

အဆိုပါ Nordic နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုနှင့် ပတ်သက်ပြီး တူရကီကို သိမ်းသွင်းစည်းရုံးရန်လည်း ကိုယ်စားလှယ်အဖွဲ့များ မစေလွှတ်သင့်ကြောင်း  တူရကီသမ္မတ Recep Tayyip Erdogan က ဆိုသည်။



ကာ့ဒ်စစ်သွေးကြွများကို လက်ခံရန် ဖင်လန်နှင့် ဆွီဒင်တို့က ဆန္ဒရှိကြောင်း ရှုမြင်ထားမှုအရ တူရကီသမ္မတက ထိုနိုင်ငံများကို ဒေါသထွက်လျက်ရှိသည်။

NATO အဖွဲ့ဝင်အားလုံး၏ ထောက်ခံမှုမရရှိပါက ဖင်လန်နှင့် ဆွီဒင်မှာ အဖွဲ့ဝင် ဖြစ်မလာနိုင်ကြောင်းလည်း သိရသည်။

ဖင်လန်နှင့် ဆွီဒင်ကို NATO အဖွဲ့ဝင်အဖြစ် လက်မခံကြောင်းနှင့် ဆွီဒင်က အကြမ်းဖက်အဖွဲ့အစည်းများအတွက် ခိုလှုံရာဖြစ်သည်ဟု တူရကီသမ္မတ Erdogan က မေလ (၁၆) ရက်နေ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။

"ဒီနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းတွေအပေါ် တိကျပွင့်လင်းတဲ့ သဘောထားမရှိကြပါဘူး။ ကျွန်တော်တို့ သူတို့ကို ဘယ်လို ယုံကြည်ရမလဲ" ဟု တူရကီသမ္မတက ဆိုသည်။



တူရကီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှုမြင်ထားသော Kurdistan Workers' Party (PKK) ၏ အဖွဲ့ဝင်များကို Nordic နှစ်နိုင်ငံဖြစ်ကြသည့် ဖင်လန်နှင့် ဆွီဒင်တို့က ခိုလှုံခွင့်ပေးထားကြောင်း သမ္မတ Erdogan အစိုးရက စွပ်စွဲထားသည်။

ထို့အပြင် တူရကီတွင် ၂၀၁၆ ခုနှစ်က အာဏာသိမ်းရန်ကြိုးပမ်းမှုကို ကြိုးကိုင်စီစဥ်ခဲ့သူဟု စွပ်စွဲခံထားရသည့် Fethullah Gulen ၏ နောက်လိုက်များကိုလည်း ဖင်လန်နှင့် ဆွီဒင်က ခိုလှုံခွင့်ပြုထားသည်ဟု ဆိုသည်။



NATO အဖွဲ့တွင် နိုင်ငံအသစ်တစ်ခု ပါဝင်နိုင်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးက လက်ခံသဘောတူညီရမည် ဖြစ်သည်။

ထိုအခြေအနေအရ ဖင်လန်နှင့် ဆွီဒင်မှာ NATO အဖွဲ့ဝင်ဖြစ်ရန် တူရကီ၏ ထောက်ခံမှုကို မဖြစ်မနေ လိုအပ်နေသည်။

၁၉၄၉ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ North Atlantic Treaty Organization (NATO) ခေါ် စစ်ရေးမဟာမိတ်အဖွဲ့တွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း (၃၀) ပါဝင်ကြပြီး ဥရောပနိုင်ငံ (၂၈) နိုင်ငံနှင့် အမေရိကန်နှင့် ကနေဒါတို့ ဖြစ်ကြသည်။ ‌

NATO အဖွဲ့ဝင်နိုင်ငံများအဖြစ် အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ချက်ရီပတ်ဘလစ်၊ ပြင်သစ်၊ အက်စ်တိုးနီးယား၊ ဂရိ၊ ဂျာမနီ၊ အီတလီ၊ အိုက်စလန်၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မွန်တီနီဂရိုး၊ နယ်သာလန်၊ မြောက်မက်ဆီဒိုးနီးယား၊ ပိုလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ တူရကီ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်ကြောင်း သိရသည်။



Source: BBC