ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်သွယ်မည့် ကုန်တင်ယာဉ်မောင်းများ  (၁၄)ရက်တစ်ကြိမ် ဘတ်(၁,၂၀၀)အကုန်အကျခံကာ COVID 19  စစ်ဆေးရမည်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်သွယ်မည့် ကုန်တင်ယာဉ်မောင်းများ  (၁၄)ရက်တစ်ကြိမ် ဘတ်(၁,၂၀၀)အကုန်အကျခံကာ COVID 19  စစ်ဆေးရမည်
ဇန်နဝါရီ 6, 2021 | Covid-19| နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့ကြား ကုန်စည်ကူးသန်းသယ်ယူပို့ဆောင်နေသည့် မော်တော်ယာဉ်မောင်းများအနေဖြင့် (၁၄) ရက်တစ်ကြိမ် COVID 19 စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး စစ်ဆေးခ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း သိရသည်။

“ဒီနေ့ ကျန်းမာရေးဌာနနဲ့ အစည်းအဝေးမှာ နယ်စပ်ဖြတ်သန်းတဲ့ ကားသမားတွေကို ဘတ် (၁,၂၀၀) နဲ့ စစ်ရမယ်လို့ ဆုံးဖြတ်တယ်ပြောတယ်။  အရင်က ဒီမှာ အလကားစစ်ပေးနေတာပေါ့နော်။ အခုက (၁၄) ရက်ခွင့်ပြုချက်ပေးမယ်။ ဒါပေမဲ့ စစ်ဆေးခက ဘတ် (၁,၂၀၀)ဆိုတော့ ကားသမားတွေကလည်း တစ်လ တစ်လ ကုန်ကျစရိတ်များမယ်ဆိုတော့ ပြောလာကြတယ်။ ဒီဘက်က ကားသမားဆိုပေမဲ့ မြန်မာကားသမားတွေလည်း များတယ်လေ။ မနက်ဖြန်မှ ဒီကိစ္စကို တာဝန်ရှိတဲ့သူတွေဆီ သွားမေးမြန်းတာလုပ်ပြီးမှ သေချာတော့ သိရမယ်။ အခုက ကားသမားတွေကို သူတို့အစည်းအဝေးအပြီးမှာ ပြောတာကိုပဲ သိရသေးတယ်”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 ချင်းရိုင်းခရိုင်ကျန်းမာရေးဌာနက မယ်ဆိုင်ကျန်းမာရေးဌာနနှင့်အတူ ပူးပေါင်းပြီး COVID 19 ကူးစက်ခံရနိုင်ချေများသည့် အသွားအလာများသူများအား ဇန်နဝါရီလ (၆)  ရက်နေ့၌ စစ်ဆေးပေးနေပြီး မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ထိပ် မယ်ဆိုင်ဘက်ခြမ်းတွင်လည်း ဇန်နဝါရီလ (၇) ရက်နှင့် (၈)ရက်နေ့များ၌ COVID 19 စစ်ဆေးပေးနေကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်းသို့ အခြားဒေသများမှ လာရောက်သည့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် (၇) ရက်တစ်ကြိမ် COVID 19 စစ်ဆေးရမည်ဖြစ်ပြီး နယ်စပ်ဖြတ်သည့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် (၁၄)ရက်တစ်ကြိမ် စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

ကုန်တင်ယာဉ်မောင်းများအနေဖြင့် COVID 19 စစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်ပါမှသာ သွားလာခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

Photo:  Maesai News Online 

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။