တူရကီက လက်မခံဟု ပြောကြားထားသော်လည်း ဖင်လန် နှင့် ဆွီဒင်က နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် လျှောက်ထားလိုက်ပြီ 

တူရကီက လက်မခံဟု ပြောကြားထားသော်လည်း ဖင်လန် နှင့် ဆွီဒင်က နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် လျှောက်ထားလိုက်ပြီ 
By Mr John

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုကြောင့် ဥရောပကာကွယ်ရေးပုံစံ အပြောင်းအလဲဖြစ်လာမှုအရ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့က NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် မေလ (၁၈) ရက်နေ့တွင် တရားဝင် လျှောက်ထားလိုက်ပြီဟု သိရသည်။ 

ရုရှားဘက်က သတိပေးခြိမ်းခြောက်မှုများ ရှိနေခဲ့သော်လည်း ဖင်လန်နှင့် ဆွီဒင်က NATO အဖွဲ့ဝင်ဖြစ်ရန် တရားဝင် ဆောင်ရွက်လာကြခြင်း ဖြစ်သော်လည်း  Nordic နိုင်ငံတွေအနေဖြင့် NATO အဖွဲ့ဝင် တူရကီနိုင်ငံ၏ ကန့်ကွက်မှုကို ပထမဦးစွာ ဖြေရှင်းကျော်လွှားရမည်လည်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့အခိုက်အတန့်မှာ နေ့ရက်ကောင်းပါပဲ။ ဒါက ကျွန်တော်တို့ သိမ်းဆည်းထားသင့်တဲ့ သမိုင်းဝင်အခိုက်အတန့်ပါ" ဟု NATO အထွေထွေအတွင်းရေးမှူး Jens Stoltenberg က သတင်းထောက်တွေကို ပြောသည်။ 

NATO အဖွဲ့ဝင်သစ်အဖြစ် ထပ်တိုးလက်ခံရန် ရှိပြီးသား အဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူညီမှု လိုအပ်ကြောင်း သိရသည်။

ထိုအခြေအနေတွင် တူရကီသမ္မတ Recep Tayyip Erdogan က Nordic နိုင်ငံများကို NATO အဖွဲ့ဝင်ဖြစ်ခွင့်ပြုမည်မဟုတ်ကြောင်း မေလ (၁၆) ရက် ပြောကြားခဲ့ပြီး ၎င်း၏အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ကာ့ဒ်စစ်သွေးကြွများကို ထိုနိုင်ငံများက ခိုလှုံခွင့်ပေးပြီး ဝိုင်းဝန်းကူညီနေသည်ဟု စွပ်စွဲခဲ့သည်။ 

"ဒီနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းတွေအပေါ် တိကျပွင့်လင်းတဲ့ သဘောထားမရှိကြပါဘူး။ ကျွန်တော်တို့ သူတို့ကို ဘယ်လို ယုံကြည်ရမလဲ" ဟု တူရကီသမ္မတက ဆိုသည်။

NATO အဖွဲ့ဝင်ဖြစ်ရေးမှာ ပထမအဆင့်အနေဖြင့် အဖွဲ့ဝင် နိုင်ငံ (၃၀) လုံးက သဘောတူညီရမည်ဖြစ်ပြီး ထို့နောက်တွင် ဖင်လန်နှင့်ဆွီဒင်က အဖွဲ့ဝင်သစ်ဖြစ်ရန် လုပ်ငန်းစဥ်စတင်နိုင်မည်ဟု သိရသည်။ 

ယခုကိစ္စနှင့်ပတ်သက်ပြီး NATO အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ မေလ (၁၈) ရက်တွင် အစည်းအဝေးပြုလုပ်မည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကို အတိအကျ မသိရပေ။

လက်ရှိတွင် တူရကီက ဖင်လန်နှင့် ဆွီဒင်တို့နှင့် ဆွေးနွေးမှုများလုပ်ဆောင်နေပြီး တူရကီ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်မည်ဟု NATO အဖွဲ့ဝင်နိုင်ငံများက ယုံကြည်ထားကြသည်။ 

ဖင်လန်နိုင်ငံဝန်ကြီးချုပ် Pekka Haavisto က ၎င်းနှင့် တူရကီသံတမန်များ နေ့စဥ် ဆက်သွယ်ပြောဆိုမှုရှိကြောင်းနှင့် လူချင်းတွေ့ဆုံသည့် အစည်းအဝေးကို အချိန်ရောက်လာသည့်အခါ စီစဥ်သွားမည်ဟု မေလ (၁၇) ရက်နေ့တွင် ပြောခဲ့သည်။

ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဖင်လန်နှင့် ဆွီဒင်တို့၏ NATO နှင့် ပတ်သက်သည့် မူဝါဒရပ်တည်ချက်များ ပြောင်းလဲသွားခဲ့သည်။ 

ရုရှားနိုင်ငံကမူ ဖင်လန်နှင့် ဆွီဒင် နှစ်နိုင်ငံလုံးကို NATO အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားမည့်ကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ဆိုသည်။ 

ရုရှားအစိုးရနှင့် သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်ကတော့ "NATO အဖွဲ့ဝင်တိုးချဲ့ခြင်းက ဥရောပတိုက်ကို ပိုမို တည်ငြိမ်လုံခြုံစေမှာ မဟုတ်ပါဘူး" ဟု သတင်းထောက်များကို မေလ (၁၂) ရက်နေ့တွင် ပြောခဲ့သည်။

၁၉၄၉ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ North Atlantic Treaty Organization (NATO) ခေါ် စစ်ရေးမဟာမိတ်အဖွဲ့တွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း (၃၀) ပါဝင်ကြပြီး ဥရောပနိုင်ငံ (၂၈) နိုင်ငံနှင့် အမေရိကန်နှင့် ကနေဒါတို့ ဖြစ်ကြသည်။ ‌

NATO အဖွဲ့ဝင်နိုင်ငံများအဖြစ် အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ချက်ရီပတ်ဘလစ်၊ ပြင်သစ်၊ အက်စ်တိုးနီးယား၊ ဂရိ၊ ဂျာမနီ၊ အီတလီ၊ အိုက်စလန်၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မွန်တီနီဂရိုး၊ နယ်သာလန်၊ မြောက်မက်ဆီဒိုးနီးယား၊ ပိုလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်၊ တူရကီ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်ကြောင်း သိရသည်။

Source: Bangkok Post/Bloomberg, Reuters

https://www.reuters.com/world/europe/finland-sweden-submit-application-j...