အိန္ဒိယတွင် ဆေးရုံရှိ မွေးစကလေးငယ်အဆောင်မီးလောင်၍ ကလေး (၁၀) ဦး သေဆုံး

အိန္ဒိယတွင် ဆေးရုံရှိ မွေးစကလေးငယ်အဆောင်မီးလောင်၍ ကလေး (၁၀) ဦး သေဆုံး
ဇန်နဝါရီ 10, 2021 | နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံ၊ ဘဟာဒရာခရိုင်ဆေးရုံရှိ မွေးစကလေးငယ်အဆောင်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ နံနက် (၁) နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွား၍ ကလေး (၁၇)ဦးအနက် (၁၀) ဦးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးငယ် (၁၀)ဦးတွင် (၃)ဦးမှာ မီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားပြီး (၇)ဦးမှာ မီးခိုးမွှန်၍ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းတွေက အခန်းရဲ့ပြတင်းတံခါးတွေ၊ တံခါးပေါက်တွေကို ဖွင့်လိုက်ပြီး ကလေးတွေကို ချက်ချင်းရွှေ့ပေမဲ့ (၁၀)ယောက်ကိုတော့ မကယ်လိုက်နိုင်ဘူး

ဟု ကျန်းမာရေးဝန်ကြီးကဆိုသည်။

အဆိုပါ ကလေးဆောင်တွင် အသက် (၁) ရက်သားမှ (၃)လသားကလေးငယ် (၁၇) ဦးထားရှိခြင်းဖြစ်ပြီး မီးခိုးများထွက်လာသည်ကို သူနာပြုများက သတိထားမိသဖြင့် ဆရာဝန်များ၊ သူနာပြုများကို သတိပေးကာ ကလေးများကို ရွှေ့ပြောင်းရာ (၇)ဦးကိုသာ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်များ သေဆုံးရခြင်းအတွက် မိသားစုများအတွက် ဝမ်းနည်းကြောင်း သမ္မတက ပြောဆိုထားပြီး မီးလောင်ရသည့်အကြောင်းရင်းအား စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၁ ခုနှစ်ကလည်း ကိုးလ်ကတ္တားဆေးရုံတွင် မီးလောင်မှုဖြစ်ပွား၍ လူနာ (၉၀) သေဆုံးရခြင်း၊ ၂၀၂၀ ခုနှစ်၊ သြဂုတ်လက အမန်ဒါဘက်ဆေးရုံတွင် မီးလောင်မှုကြောင့် လူနာ (၈) ဦးသေဆုံးရခြင်း၊ နိုဝင်ဘာလတွင် ရာ့ဂျ်ကော့ဆေးရုံတွင် မီးလောင်မှုကြောင့် ကိုဗစ် ၁၉ အတည်ပြုလူနာ (၅)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

ကိုဗစ်ကုသဆောင်တွင် ဖြစ်ပွားသည့် မတော်တဆမှုနှင့်ပတ်သက်၍ အစီရင်ခံစာတင်ပြရန် တရားရုံးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

Tachileik News Agency

Source: The Hindu

Photo: India Today 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။