ခရီးသည် (၆၂)ဦးနှင့်အတူ ပျောက်ဆုံးသွားသည့် အင်ဒိုနီးရှားမှ လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအစိတ်အပိုင်းအချို့ကို ဂျာဗားပင်လယ်ပြင်တွင် စတင်တွေ့ရှိ

ခရီးသည် (၆၂)ဦးနှင့်အတူ ပျောက်ဆုံးသွားသည့် အင်ဒိုနီးရှားမှ လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအစိတ်အပိုင်းအချို့ကို ဂျာဗားပင်လယ်ပြင်တွင် စတင်တွေ့ရှိ
ဇန်နဝါရီ 10, 2021 | နိုင်ငံတကာသတင်း

အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ကွင်းတက်ပြီးမိနစ်ပိုင်း၌ အဆက်အသွယ် ပြတ်သွားသည့် လေယာဉ်မှ အပျက်အစီး အပိုင်းအစအချို့နှင့် ရုပ်အလောင်း အစိတ်အပိုင်း အချို့ကို ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းက ဂျာဗားပင်လယ်ပြင်တွင် တွေ့နေရပြီဖြစ်၍ အသက်ရှင်ကျန်သူမရှိနိုင်ဟု ခန့်မှန်းထားသည်။

“ဒီမနက်ပိုင်းကပဲ ကျွန်တော်တို့ အိတ်နှစ်အိတ်တွေ့ပါတယ်။ ခရီးဆောင်အိတ်တစ်လုံးနဲ့ ရှာတွေ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပါတာလည်းပါတယ်”ဟု ဂျကာတာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Metro TV သို့ပြောကြားကြောင်း သိရသည်။

လေယာဉ်အစိတ်အပိုင်းများကို ဂျကာတာကမ်းခြေမှ တစ်နေ့တာအပန်းဖြေခရီးသွားနေကြသည့် ကျွန်းငယ်အနီးတွင် တွေ့ရခြင်းဖြစ်ပြီး ရေငုပ်ရှာဖွေသူများ၊ ရဟတ်ယာဉ်များ၊ မော်တော်များဖြင့် ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း သိရသည်။

လေယာဉ်တွင်လိုက်ပါသွားသူ အင်ဒိုနီးရှားနိုင်ငံသား (၆၂) ဦးတွင် ကလေးငယ် (၁၀) ဦးလည်းပါဝင်ကြောင်း သိရသည်။

အင်ဒိုနီးရှား Sriwijaya  လေကြောင်းလိုင်းသည် ဂျကာတာမှ ဘော်နီယိုကျွန်းရှိ ပွန်တီနက်သို့ ဂျာဗားပင်လယ်ပြင်ကိုဖြတ်၍ မိနစ် (၉၀)ကြာ ပျံသန်းသည့် ပြည်တွင်းခရီးစဉ်ကို ပျံသန်းနေခြင်းဖြစ်ပြီး ပျောက်ဆုံးသွားသည့်လေယာဉ်သည် ကွင်းမှတက်သွားပြီး ပေပေါင်း (၁၁၀၀၀) နီးပါးပျံသန်းနေရာမှ ပေ (၂၅၀)သို့ ရုတ်တရက်ထိုးကျကာ လေကြောင်းထိန်းတာဝါနှင့် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

Source: Bangkok Post, CNA

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။