ထိုင်းနိုင်ငံ စမုစခွန်တွင် လောင်စာဆီဟောင်း ပြန်လည်သန့်စင်သည့် စက်ရုံ မီးလောင်မှုဖြစ်ပွား၍  မြန်မာနိုင်ငံသား (၁)ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ စမုစခွန်တွင် လောင်စာဆီဟောင်း ပြန်လည်သန့်စင်သည့် စက်ရုံ မီးလောင်မှုဖြစ်ပွား၍  မြန်မာနိုင်ငံသား (၁)ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်ရှိ လောင်စာဆီအဟောင်းပြန်လည်သန့်စင်သည့် စက်ရုံတစ်ခု၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွား၍ မြန်မာအလုပ်သမား (၁) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာရကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသွားသည့် မြန်မာအလုပ်သမားအတွက် ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့်ခံစားခွင့်များရရှိနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

စမုစခွန်ခရိုင်ရှိ S.C.T ဒီဇယ်စက်ရုံတွင် မြန်မာနိုင်ငံသား (၂၅) ဦးခန့် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး နံနက် (၅)နာရီဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မြန်မာလုပ်သား (၁)ဦး သေဆုံးခဲ့ရသည့်အပြင် ထိုင်းနိုင်ငံသား (၁)ဦးလည်း ဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့် လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် AAC မဟာမိတ်အဖွဲ့ကလည်း သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် မြန်မာနိုင်ငံသားမှာ အသက် (၂၆)နှစ်အရွယ် မောင်မျိုးဇော်ဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့မှ သတင်းအရ သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက် 

 ဓါတ်ပုံ - Ye Min 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။