ထိုင်းနိုင်ငံတွင် အစိုးရက အိမ်ထောင်စုများကို ဆေးခြောက်ပင် တစ်သန်း အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

ထိုင်းနိုင်ငံတွင် အစိုးရက အိမ်ထောင်စုများကို ဆေးခြောက်ပင် တစ်သန်း အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား
By Mr John

ထိုင်းအစိုးရက နေအိမ်၌ ဆေးခြောက်ပင် စိုက်ပျိုးခွင့်ပြုသည့် စည်းမျဥ်းသစ် အထိမ်းအမှတ်အဖြစ် ဇွန်လအတွင်း ဆေးခြောက်ပင် တစ်သန်းကို နိုင်ငံတဝန်း အိမ်ထောင်စုများထံ အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ထိုအစီအစဥ်ကို မေလ (၈) နေ့က Facebook ပို့စ်တစ်ခုတွင် ကြေညာခဲ့ပြီး ဆေးခြောက်ပင်များကို အိမ်သုံးသီးနှံပင်များကဲ့သို့ စိုက်ပျိုးရန်အတွက် ၎င်း၏ ရည်မှန်းချက်ကို ပြောထားသည်။

ဇွန်လ (၉) ရက်နေ့တွင် စတင်သက်ရောက်မည့် စည်းမျဥ်းအသစ်အရ အများပြည်သူအနေဖြင့် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများထံ အသိပေးပြီး‌ နေအိမ်တွင် ဆေးခြောက်ပင်များ စိုက်ပျိုးနိုင်မည် ဖြစ်သော်လည်း ဆေးခြောက်ပင်များမှာ ဆေးဘက်ဆိုင်ရာသုံး အဆင့် ဖြစ်ရမည်ဖြစ်ပြီး ‌ဆေးဖြစ်ဝါးဖြစ် ရည်ရွယ်ချက်အတွက်သာ သီးသန့်သုံးရန် သတ်မှတ်ထားသည်။

ထို့အပြင် ဆေးခြောက်ကို နောက်ထပ် ခွင့်ပြုချက်လိုင်စင်များမရှိဘဲ စီးပွားဖြစ်ရည်ရွယ်ချက်ဖြင့် အသုံးမပြုနိုင်ကြောင်းလည်း သိရသည်။ 

ယခုဆောင်ရွက်ချက်မှာ ထိုင်းနိုင်ငံက ဆေးခြောက်ကို ဝင်ငွေရ စိုက်ပျိုးသီးနှံတစ်ခုအဖြစ် အားပေးရန်အစီအစဥ်တွင် နောက်ဆုံး ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။ 

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ထိုင်းနိုင်ငံ၏ လုပ်သားအင်အား သုံးပုံတစ်ပုံခန့်က စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

တရားမဝင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပြင်းထန်သည့်ပြစ်ဒဏ်များကြောင့် နာမည်ကြီးသည့် အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ သုတေသနနှင့် အသုံးပြုမှုတို့အတွက် တရားဝင်ခွင့်ပြုခဲ့သည့် ပထမဆုံးနိုင်ငံလည်း ဖြစ်သည်။ 

ထို့အတူ ထိုင်းနိုင်ငံက ဆေးခြောက်နှင့်ပတ်သက်သည့် ဥပဒေများကိုလည်း ဖြေလျှော့ပေးခဲ့သည်။

ယမန်နှစ်အတွင်း လူသုံးကုန်များတွင် အသုံးပြုရန် ခွင့်ပြုချက်ရပြီးနောက် သက်ဆိုင်ရာ ထိုင်းကုမ္ပဏီတွေက ဆေးခြောက်ပင်မှ ထုတ်လုပ်သည့် ဆေးခြောက်အစေ့ (Hemp seeds) နှင့် ဆေးခြောက်ဆီ (CBD oil) တို့နှင့် ပြုလုပ်ထားသည့် ထုတ်ကုန်များရောင်းချရန် အလျင်အမြန် လုပ်ဆောင်ခဲ့ကြသည်။ 

ဆေးခြောက်အစေ့နှင့် ဆေးခြောက်ဆီတို့က အသုံးပြုသူများကို ရေချိန်ကိုက်မူးယစ်စေခြင်းမရှိဟု ဆိုသည်။

မေလ (၁၀) ရက်နေ့တွင် နောက်ထပ် Facebook ပို့စ်တစ်ခုတွင် ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဆေးခြောက်အစေ့နှင့် ဆေးခြောက်ဆီသုံးပြီး ထုတ်ကုန်များထုတ်လုပ်ရန် မှတ်ပုံတင်ထားသည့် ထိုင်းကုမ္ပဏီများအနေဖြင့် ဆေးခြောက်တွင်ပါဝင်သော ရေချိန်ကိုက် မူးယစ်စေသည့် tetrahydrocannabinol သို့မဟုတ် THC ပမာဏ (၀.၂) ထက် လျော့နည်းပါဝင်သော ဆေးခြောက်ထုတ်ကုန်များကို ရောင်းချနိုင်ကြောင်း ပြောထားသည်။

"ဒီလိုဆောင်ရွက်မှုက ပြည်သူလူထုနဲ့ အစိုးရအတွက် ဆေးခြောက်ကနေ တစ်နှစ်ကို ဘတ်ငွေ (၁၀) ဘီလီယံကျော် ဝင်ငွေရရှိပါမယ်" ဟု ဝန်ကြီးက Facebook ပို့စ်တွင် ရေးသားထားသည်။ 

စည်းမျဥ်းဥပဒေသစ်က လူတွေအတွက် ဆေးခြောက်ပင်ကို ဆေးဖြစ်ဝါးဖြစ် လက်ဖက်ရည် သို့မဟုတ် စွတ်ပြုတ်ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုရန် လမ်းပွင့်သွားစေကြောင်း ဘန်ကောက်မြို့အခြေစိုက် ဆေးခြောက်ထုတ်ကုန် စွန့်ဦးတီထွင်သူ Kitty Chopaka က CNN သတင်းဌာနကို ပြောသည်။

"တရားဝင် ဆေးစာမပါရင်တော့ ဒါကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရဦးမှာပါ။ ဆေးခြောက်သုံးဖို့ လိုအပ်တဲ့ လူနာတစ်ယောက်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါဆိုရင်တော့ ဆေးခြောက်ကို အိမ်မှာစိုက်နိုင်ပြီး ကြိုက်သလောက်သုံးနိုင်ပါတယ်" ဟု သူမက ဆိုသည်။ 

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို အပန်းဖြေသုံးအဖြစ် အသုံးပြုခြင်းကိုမူ တရားမဝင်ဟု သတ်မှတ်ထားဆဲဖြစ်သော်လည်း ဆေးခြောက်ဆေးလိပ်သောက်မှုတွေ ရှိနေလိမ့်မှာဖြစ်ပြီး အစိုးရအနေဖြင့် တားဆီးနိုင်မည်မဟုတ်ကြောင်းလည်း Kitty Chopaka ပြောသည်။

#TachileikNewsAgency

Source: CNN