သီရိလင်္ကာတွင် အစိုးရဝန်ထမ်းများ စိုက်ပျိုးရေးလုပ်ရန် အလုပ်ပိတ်ရက် တစ်ရက်တိုး

သီရိလင်္ကာတွင် အစိုးရဝန်ထမ်းများ စိုက်ပျိုးရေးလုပ်ရန် အလုပ်ပိတ်ရက် တစ်ရက်တိုး
By Mr John

ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့နေရသည့် သီရိလင်္ကာနိုင်ငံတွင် အစိုးရဝန်ထမ်းများ၏ အလုပ် လုပ်ရက်ကို တစ်ပတ် (၄) ရက် လျှော့ချသတ်မှတ်ရန် အတည်ပြုလိုက်ကြောင်း သိရသည်။ 

နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကာလရှည်ကြာ လောင်စာဆီပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန်နှင့် ဝန်ထမ်းများ စိုက်ပျိုးရေးလုပ်ရန် အားပေးမှုအဖြစ် အလုပ်ပိတ်ရက်ကို တစ်ရက်တိုးပေးလိုက်ခြင်းဖြစ်ကြောင်း သီရိလင်္ကာအစိုးရက ဇွန်လ (၁၄) ရက်နေ့တွင် ပြောခဲ့သည်။

အစိုးရဝန်ထမ်း (၁) သန်းခန့်ရှိသည့် သီရိလင်္ကာတွင် နိုင်ငံခြားသုံးငွေ အကြီးအကျယ် ပြတ်လပ်မှုကြောင့် လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် အရေးပါသည့် ကုန်ပစ္စည်းများ ပြည်ပမှတင်သွင်းရန် ရုန်းကန်နေခဲ့ရသည်။ 

လူဦးရေ (၂၂) သန်းနီးပါးရှိသည့် သီရိလင်္ကာတွင် ဓာတ်ဆီဆိုင်များတွင် ဆီဖြည့်ရန်အတွက်လူအများအပြား နာရီနှင့်ချီကြာ တန်းစီစောင့်ဆိုင်းနေကြရသည်။

လောင်စာဆီပြတ်လပ်မှု အခြေအနေဆိုးလာမှုကြောင့် ယာဥ်မောင်းများအတွက် လောင်စာဆီကို အပတ်စဥ် ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးသွားမည်ဟု ဇွန်လ (၁၂) ရက်နေ့တွင် သီရိလင်္ကာအစိုးရက ကြေညာခဲ့သည်။ 

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် LPG (liquefied petroleum gas) ဂက်စ်ပြတ်လပ်မှုတို့ကြောင့် လောင်စာဆီသုံးစွဲမှု မြင့်တက်လာခဲ့စဥ် အစိုးရပိုင် Ceylon Petrolem Coporation မှာ ဆီတင်သွင်းရန် ဘဏ္ဍာငွေကိစ္စ ရုန်းကန်နေရကြောင်း စွမ်းအင်ဝန်ကြီး Kanchana Wijesekera က ပြောသည်။ 

လောင်စာဆီကို အပတ်စဥ် ခွဲတမ်းစနစ်ဖြင့် ရောင်းချမှုအား ဇူလိုင်လ ပထမပတ်အထိ ဆက်လက် သတ်မှတ်ထားနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

ယခုအခါ သီရိလင်္ကာတွင် အပတ်စဥ် သောကြာနေ့ကို အစိုးရဝန်ထမ်းများ၏ အလုပ်နားရက်အဖြစ် လာမည့် (၃) လကြာ သတ်မှတ်သွားရန် အဆိုပြုချက်ကို သီရိလင်္ကာအစိုးရအဖွဲ့က ဇွန်လ (၁၃) ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ 

လောင်စာဆီပြတ်လပ်မှုက ဝန်ထမ်းများ နေ့စဥ်သွားလာရေး ခက်ခဲမှုကြောင့်နှင့် ဝန်ထမ်းများကို စိုက်ပျိုးရေးလုပ်ရန် အားပေးမှုအဖြစ် ထိုအဆိုပြုချက်ကို အစိုးရက အတည်ပြုလိုက်ခြင်းဟု ဆိုသည်။

အပတ်စဥ် နားရက်တစ်ရက် ပိုမိုရရှိမှုကြောင့် အစိုးရဝန်ထမ်းများအနေဖြင့် ခန့်မှန်းထားသော စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဖြေရှင်းရန် ၎င်းတို့၏ အိမ်နောက်ဖေးမြေကွက်လပ် သို့မဟုတ် အခြားနေရာများတွင် စိုက်ပျိုးရေးလုပ်ကိုင်နိုင်မည်ဟု သီရိလင်္ကာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သီရိလင်္ကာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်နေကြောင်း ကုလသမဂ္ဂက ပြီးခဲ့သည့် သီတင်းပတ်၌ သတိပေးခဲ့ပြီး လူဦးရေ (၁.၇) သန်းအတွက် လာမည့် (၄) လအတွင်း မရှိမဖြစ် စားနပ်ရိက္ခာ ဝယ်ယူရန် ဒေါ်လာ (၄၇) သန်း ကူညီပေးသွားရန် စီစဥ်ထားသည်ဟု ဆိုသည်။ 

ငွေတန်ဖိုးကျခြင်း၊ ကမ္ဘာတဝန်း ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ယခုအခါ ပြန်ပြောင်းလိုက်ပြီဖြစ်သည့် ဓာတ်မြေဩဇာ တားမြစ်ပိတ်ပင်မှုတို့ကြောင့် အစားအစာဈေးနှုန်းမှာ ဧပြီလအတွင်း (၅၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ 

စီးပွားရေးအကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာက ဧပြီလလယ်တွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ (၅၁) ဘီလီယံကို ပေးဆပ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ပြီး ထိုစဥ်ကတည်းက ငွေကြေးအကူအညီအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) နှင့် ဆွေးနွေးခဲ့ပြီး လာမည့် ဇွန်လ (၂၀) ရက်တွင်လည်း IMF ကိုယ်စားလှယ်အဖွဲ့ မြို့တော်ကိုလံဘိုကို လာရောက်မည်ဟု ဆိုသည်။

Source: Reuters