သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး လုံးဝပြိုလဲသွားခဲ့ပြီဟု ဝန်ကြီးချုပ်  ပြောကြား

သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး လုံးဝပြိုလဲသွားခဲ့ပြီဟု ဝန်ကြီးချုပ်  ပြောကြား
By Mr John

 သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးမှာ လုံးဝပြိုလဲသွားပြီဟု ဝန်ကြီးချုပ် Ranil Wickremesinghe က ဇွန်လ (၂၂) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာတွင် လောင်စာဆီ၊ လျှပ်စစ်ဓာတ်အားနှင့် စားနပ်ရိက္ခာပြတ်လပ်မှုများကြား လူဦးရေ သန်းနှင့်ချီ ရုန်းကန်နေကြရပြီး အခြေအနေ ပိုဆိုးလာနေကြောင်း သိရသည်။ 

"ကျွန်တော်တို့ရဲ့ စီးပွားရေးက လုံးဝပြိုလဲမှုနဲ့ ရင်ဆိုင်နေရပြီ" ဟု ဝန်ကြီးချုပ်က လွှတ်တော်တွင် ပြောခဲ့သည်။

စီးပွားရေးတည်ငြိမ်စေရန် အစိုးရအနေဖြင့် ကမ္ဘာတဝန်းမှ မိတ်ဖက်များနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) တို့ထံမှ အကူအညီရရှိရန် ကြိုးပမ်းနေကြောင်းလည်း ဝန်ကြီးချုပ်ကဆိုသည်။

 သို့သော် လူဦးရေ (၂၂) သန်းရှိ သီရိလင်္ကာမှာ ပြတ်လပ်မှုများအပြင် ပိုမိုဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ၎င်းက သတိပေးခဲ့သည်။ 

သီရိလင်္ကာတွင် နိုင်ငံခြားအရန်ငွေ စံချိန်တင် လျော့နည်းသွားခဲ့ပြီးနောက် ဆယ်စုနှစ် (၇) ခုကျော်အတွင်း အဆိုးဆုံး ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့နေခဲ့ရသည်။

နိုင်ငံတွင် အမေရိကန်ဒေါ်လာ မရှိတော့ခြင်းကြောင့် အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီ အပါအဝင် မရှိမဖြစ် ပြည်သွင်းကုန်များအတွက် ငွေပေးနိုင်ခြင်းမရှိတော့ပေ။ 

သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီတင်သွင်းရန် ‌အမေရိကန်ဒေါ်လာ မရှိတော့ခြင်းကြောင့် အစိုးရရုံးများ၊ စာသင်ကျောင်းများကို ဇွန်လ (၂၀) ရက်မှစပြီး (၂) ပတ်ကြာ ပိတ်ထားမည်ဟု ဇွန်လ (၁၇) ရက်နေ့တွင် အာဏာပိုင်တွေက ကြေညာခဲ့သည်။ 

ထို့အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုလည်း လုံးဝနီးပါး ရပ်နားထားမည်ဟု ဆိုသည်။

သီရိလင်္ကာအစိုးရက လောင်စာဆီချွေတာရန် ရည်ရွယ်ပြီး အပတ်စဥ် ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးတော့မည်ဟု ဇွန်လ (၁၂) ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့အတူ လောင်စာဆီအသုံးပြုမှုလျှော့ချရန် အစိုးရဝန်ထမ်းများ၏ အလုပ်လုပ်ရက်ကို တစ်ပတ် (၄) ရက် လျှော့ချသတ်မှတ်ကြောင်း ဇွန်လ (၁၄) ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။ 

ယခုသီတင်းပတ်အတွင်း ဆက်လက် ကျင်းပရန်ရှိသည့် သီရိလင်္ကာလွှတ်တော် အစည်းအဝေးများကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း ဇွန်လ (၂၃) ရက်တွင် အစိုးရတာဝန်ရှိသူများက ပြောသည်။

ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ကာလရှည်ကြာ လောင်စာဆီပြတ်လပ်မှုမှာ အခြေအနေဆိုးနေဆဲဖြစ်ပြီး နိုင်ငံတဝန်းရှိ ဂက်စ်ဆိုင်အချို့တွင် မိုင်နှင့်ချီ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်နေခဲ့သည်။ 

ယာဥ်ပိုင်ရှင်များမှာ ဓာတ်ဆီနှင့် ဒီဇယ်ဆီဖြည့်ရန် အချိန်ကြာရှည် စောင့်ဆိုင်းကြရပြီး တခါတရံ ညအိပ်စောင့်ဆိုင်းရမှုများလည်းရှိရာ ဆန္ဒပြမှုအချို့ ပေါ်ပေါက်ခဲ့သည်။ 

သီရိလင်္ကာက ရက်လွန်နေပြီဖြစ်သည့် လောင်စာဆီဝယ်ယူမှု ကျသင့်ငွေ အမေရိကန်ဒေါ်လာ (၇၂၅) သန်းကို မပေးနိုင်ကြောင်းနှင့် နောက်ထပ် လောင်စာဆီတင်သွင်းမှုများအတွက် အကြွေးစနစ်ဖြင့် ရရှိနိုင်ရန် ရုန်းကန်နေရကြောင်း သိရသည်။

သီရိလင်္ကာတွင် လောင်စာဆီပြတ်လပ်မှုနှင့် အစားအစာဈေးနှုန်းများ မြင့်တက်နေမှုတို့ကြောင့် လူနာများမှာ ဆေးရုံသို့ မသွားနိုင်ကြဟု CNN သတင်းတွင် ဖော်ပြထားသည်။ 

နိုင်ငံ၏ အဓိက စားကုန်ဖြစ်သည့် ဆန်မှာလည်း ဆိုင်နှင့် စူပါမတ်ကက် အများအပြားတွင် မရှိတော့ဟု ဆိုသည်။ 

ယခုသီတင်းပတ် တစ်ပတ်တည်းမှာပင် လောင်စာဆီအတွက် တန်းစီစောင့်ဆိုင်းရင်း လူ (၁၁) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သီရိလင်္ကာတွင် စံချိန်တင် ငွေကြေးဖောင်းပွမှုနှင့် အချိန်ကြာရှည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့နေခဲ့ပြီး အထွေထွေအကျပ်အတည်းများနှင့်အတူ သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများ လနှင့်ချီကြာ နေ့စဥ်ရက်ဆက် ပေါ်ပေါက်ခဲ့သည်။ 

သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့ပြီး ၎င်း၏အကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda က မေလ (၉) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ 

ထို့နောက် သမ္မတ Gotabaya က အတိုက်အခံအုပ်စုမှ ဝါရင့်နိုင်ငံရေးသမား Ranil Wickremesinghe ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး မကြုံစဖူး စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်ရာတွင် နိုင်ငံကို ဦးဆောင်စေခဲ့သည်။

Source: CNN

Photo: Krishan Francis, Associated Press,