ရုရှားက အခြေခံအဆောက်အအုံများကို နောက်ထပ် တိုက်ခိုက်လာနိုင်၍ အဆိုးဆုံးအတွက် ပြင်ဆင်ထားရန်  ယူကရိန်းသမ္မတ နှင့် ကိဗ်မြို့တော်ဝန်တို့ သတိပေး

ရုရှားက အခြေခံအဆောက်အအုံများကို နောက်ထပ် တိုက်ခိုက်လာနိုင်၍ အဆိုးဆုံးအတွက် ပြင်ဆင်ထားရန်  ယူကရိန်းသမ္မတ နှင့် ကိဗ်မြို့တော်ဝန်တို့ သတိပေး
နိုဝင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို နောက်ထပ် တိုက်ခိုက်လာနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက နိုဝင်ဘာလ (၆) ရက်တွင် သတိပေးခဲ့ပြီး ကိဗ်မြို့တော်ဝန်ကလည်း မြို့တော်တွင် ရေနှင့်လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါက မြို့ကနေ ယာယီထွက်ခွာရေး အဆိုးဆုံးအတွက် ပြင်ဆင်ထားကြရန် မြို့နေလူထုကို တိုက်တွန်းခဲ့သည်။

ရုရှားက ၎င်း၏ တပ်ဖွဲ့များကို စုစည်းနေပြီး မိမိတို့၏ အခြေခံအဆောက်အအုံများကို အကြီးအကျယ် တိုက်ခိုက်လာနိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်းစကီးက ညစဥ် ပြောကြားသည့် ၎င်း၏မိန့်ခွန်းတွင် ပြောခဲ့ခြင်း ဖြစ်သည်။ 

ရုရှားက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုကြောင့် ယူကရိန်းတွင် လူဦးရေ (၄.၅) သန်းကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေကြရကြောင်းလည်း ဇီလန်းစကီးက ဆိုသည်။

ယူကရိန်းသမ္မတဇီလန်းစကီး

ထိုအတောအတွင်း ယူကရိန်းနိုင်ငံကို နိုဝင်ဘာလ (၄) ရက်နေ့က သွားရောက်ခဲ့သည့် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Jake Sullivan က အမေရိကန်အနေဖြင့် ယူကရိန်းကို အပြောင်းအလဲမရှိ ဆက်လက် ကူညီထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။ 

Jake Sullivan က စစ်ပွဲအရှိန် နောက်ထပ်မြင့်တက်ခြင်းကို ရှောင်ရှားရန် ရုရှားအစိုးရအရာရှိများနှင့် လျှို့ဝှက်ဆွေးနွေးခဲ့ကြောင်းလည်း  Wall Street Journal က နိုဝင်ဘာလ (၆) ရက်တွင် ဖော်ပြသည်။

စစ်ပွဲနှင့် ပတ်သက်၍ ရုရှားနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းရန် အမေရိကန်က ယူကရိန်းကို တိုက်တွန်းခဲ့သည့်သတင်း ထွက်ပေါ်ခဲ့ပြီးနောက် Jake Sullivan နှင့် ရုရှားအစိုးရအရာရှိများ ဆွေးနွေးမှုရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

 လက်ရှိတွင်မူ ယူကရိန်းတွင် စစ်ပွဲအရှိန်မြင့်နေဆဲဖြစ်ပြီး ရုရှားက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ နိုဝင်ဘာလ (၇) ရက်တွင် (၃၂) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Clodagh Kilcoyne,