ဒေါ်လာ မရှိတော့၍ လောင်စာဆီ မဝယ်နိုင်သည့် သီရိလင်္ကာတွင် ကျောင်းနှင့် အစိုးရုံးများ ပိတ်ထားမည်

စက်သုံးဆီကို တန်းစီတိုးကြိတ်ပြီး ဝယ်ယူရန် စောင့်ဆိုင်းနေကြသည့် သီရိလင်္ကာနိုင်ငံသားများ
စက်သုံးဆီကို တန်းစီတိုးကြိတ်ပြီး ဝယ်ယူရန် စောင့်ဆိုင်းနေကြသည့် သီရိလင်္ကာနိုင်ငံသားများ
ဒေါ်လာ မရှိတော့၍ လောင်စာဆီ မဝယ်နိုင်သည့် သီရိလင်္ကာတွင် ကျောင်းနှင့် အစိုးရုံးများ ပိတ်ထားမည်
By Mr John

သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီတင်သွင်းရန် ‌အမေရိကန်ဒေါ်လာ မရှိတော့ခြင်းကြောင့် အစိုးရရုံးများ၊ စာသင်ကျောင်းများကို (၂) ပတ်ကြာ ပိတ်ထားမည်ဟု ဇွန်လ (၁၇) ရက်နေ့တွင် အာဏာပိုင်တွေက ကြေညာသည်။ 

ထို့အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုလည်း လုံးဝနီးပါး ရပ်နားထားမည်ဟု ဆိုသည်။ 

ဓာတ်ဆီနှင့်ဒီဇယ် ပြတ်လပ်မှုကို တုံ့ပြန်ဆောင်ရွက်ရန် အစိုးရဌာနများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာကောင်စီများ အားလုံးကို ဇွန်လ (၂၀) ရက်နေ့မှစပြီး ပိတ်ထားရန် ပြည်သူ့အုပ်ချုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ကြောင်း သိရသည်။

"အများပြည်သူ သယ်ယူပို့ဆောင်ရေး ရှားပါးပြီး ကိုယ်ပိုင်ယာဥ်များ စီစဥ်ရန်လည်း မတတ်နိုင်ခြင်းကြောင့် ရုံးတက် ဝန်ထမ်းအရေအတွက်ကို ထိရောက်စွာ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း" ဝန်ကြီးဌာနက ညွှန်ကြားစာတွင် ပြောထားသည်။ 

သီရိလင်္ကာနိုင်ငံမှာ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း (၇၀) ကျော်အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီကဲ့သို့ မရှိမဖြစ် ပြည်ပသွင်းကုန်များအတွက် ဘဏ္ဍာငွေမတတ်နိုင် ဖြစ်နေခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် နောက် (၅) ရက်စာအတွက်သာ လောင်စာဆီလက်ကျန်ရှိတော့ကြောင်း စွမ်းအင်ဝန်ကြီးကလည်း ဇွန်လ (၁၆) ရက်နေ့တွင် ပြောခဲ့သည်။ 

သီရိလင်္ကာအစိုးရက အိန္ဒိယထံမှ အကြွေးစနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း (၅၀၀) ဖိုး လောင်စာဆီဝယ်ယူရန် စီစဥ်ထားပြီး တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။ 

လောင်စာဆီချွေတာရန် ရည်ရွယ်ပြီး အပတ်စဥ် ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးတော့မည်ဟု သီရိလင်္ကာအစိုးရက ဇွန်လ (၁၂) ရက်နေ့တွင် ကြေညာခဲ့သည်။ 

ထို့အတူ လောင်စာဆီအသုံးပြုမှုလျှော့ချရန် အစိုးရဝန်ထမ်းများ၏ အလုပ်လုပ်ရက်ကို တစ်ပတ် (၄) ရက် လျှော့ချသတ်မှတ်ကြောင်း ဇွန်လ (၁၄) ရက်နေ့က ကြေညာခဲ့သေးသည်။ 

ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ကာလရှည်ကြာ လောင်စာဆီပြတ်လပ်မှုမှာ ယခုသီတင်းပတ်တွင် ပိုဆိုးလာခဲ့ပြီး နိုင်ငံတဝန်းရှိ ဂက်စ်ဆိုင်အချို့တွင် မိုင်နှင့်ချီ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်နေခဲ့သည်။ 

ယာဥ်ပိုင်ရှင်များမှာ ဓာတ်ဆီနှင့် ဒီဇယ်ဆီဖြည့်ရန် အချိန်ကြာရှည် စောင့်ဆိုင်းကြရပြီး တခါတရံ ညအိပ်စောင့်ဆိုင်းရမှုများလည်းရှိရာ ဆန္ဒပြမှုအချို့ ပေါ်ပေါက်ခဲ့သည်။ 

သီရိလင်္ကာက ရက်လွန်နေပြီဖြစ်သည့် လောင်စာဆီဝယ်ယူမှု ကျသင့်ငွေ အမေရိကန်ဒေါ်လာ (၇၂၅) သန်းကို မပေးနိုင်ကြောင်းနှင့် နောက်ထပ် လောင်စာဆီတင်သွင်းမှုများအတွက် အကြွေးစနစ်ဖြင့် ရရှိနိုင်ရန် ရုန်းကန်နေရကြေင်း သိရသည်။

လောင်စာဆီပြတ်လပ်မှု ပြဿနာကြောင့် စာသင်ကျောင်းများ အားလုံးကို ဇွန်လ (၂၀) ရက်နေ့မှစပြီး (၂) ပတ်ကြာ ပိတ်ထားရန်နှင့် အကယ်၍ ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမ လျှပ်စစ်ဓာတ်အားရရှိခဲ့ပါက အွန်လိုင်းမှတစ်ဆင့် သင်ကြားကြရန် သီရိလင်္ကာပညာရေးဝန်ကြီးဌာနက ပြောခဲ့သည်။ 

စီးပွားရေးအကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာက ဧပြီလလယ်တွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ (၅၁) ဘီလီယံကို ပေးဆပ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ပြီး ထိုစဥ်ကတည်းက ငွေကြေးအကူအညီအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူဦးရေ (၂၂) သန်းရှိသည့် သီရိလင်္ကာနိုင်ငံ၏ လူဦးရေ (၁.၇) သန်းအတွက် လာမည့် (၄) လအတွင်း မရှိမဖြစ် စားနပ်ရိက္ခာ ဝယ်ယူရန် ကုလသမဂ္ဂက ဒေါ်လာ (၄၇) သန်း တောင်းခံထားသည်။ 

သီရိလင်္ကာတွင် စံချိန်တင် ငွေကြေးဖောင်းပွမှုနှင့် အချိန်ကြာရှည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့နေခဲ့ပြီး အထွေထွေအကျပ်အတည်းများနှင့်အတူ သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများ လနှင့်ချီကြာ နေ့စဥ်ရက်ဆက် ပေါ်ပေါက်ခဲ့သည်။

Source: Bangkok Post