မလေးရှားတွင် ကလေးများကို တံတားပေါ်မှပစ်ချပြီးနောက် အဆုံးစီရင်သွားသည့် ချင်းအမျိုးသား 

မလေးရှားတွင် ကလေးများကို တံတားပေါ်မှပစ်ချပြီးနောက် အဆုံးစီရင်သွားသည့် ချင်းအမျိုးသား 
By Mr John

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံမှ ချင်းအမျိုးသားတစ်ဦးက ၎င်း၏ ကလေးများကို တံတားတစ်စင်းပေါ်မှ ပစ်ချခဲ့ပြီးနောက် ၎င်းကိုယ်တိုင်လည်း တံတားပေါ်မှ ခုန်ချပြီး အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။ 

ဩဂုတ်လ (၂) ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်အတွင်း အဆိုပါ အမျိုးသားနှင့် ၎င်း၏ အသက် (၈) နှစ်နှင့် အသက် (၆) နှစ်အရွယ် ကလေး (၂) ဦး သေဆုံးခဲ့ပြီး အသက် (၃) နှစ်အရွယ် အငယ်ဆုံးကလေးမှာ ခြေထောက်နှင့် နံရိုးများကျိုးသည့် ပြင်းထန်ဒဏ်ရာများရခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေဖြစ်သည်ဟု မလေးရှားသတင်းဌာန The Star က ဖော်ပြသည်။

ထိုအမျိုးသား၏ဇနီး အသက် (၂၈) နှစ်အရွယ် မြန်မာအမျိုးသမီးက ရဲတပ်ဖွဲ့ထံ ပြောကြားမှုအရ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်က COVID-19 ကူးစက်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိခဲ့သည် ဆိုသည်။ 

ခင်ပွန်းသည်က သူ့ကိုယ်သူ စကားပြောခဲ့ကြောင်းနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ပြောခဲ့ဖူးကြောင်း ဇနီးဖြစ်သူက ပြောသည်။

စုံစမ်းမေးမြန်းမှုများအရ ၎င်းမှာ အလုပ်လက်မဲ့ဖြစ်ပြီး ဇနီးဖြစ်သူ အလုပ်သွားချိန် အိမ်တွင် ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန် ကျန်ခဲ့ကြောင်း သိရသည်။ 

ထိုအမျိုးသားမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မိုင်ဆာဂိုတလာ (Meisakotla) ကျေးရွာဇာတိ ဦးပူပါးချို‌လှေ (၃၈)နှစ် ဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူတစ်ဦးကို ကိုးကားပြီး ချင်းဂျာနယ် (The Chin Journal) က Facebook တွင် ဖော်ပြထားသည်။

ကွာလာလမ်ပူမြောက်ပိုင်း Kepong မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဆိုင်အကူအဖြစ် အလုပ်လုပ်ကိုင်သည့် ဇနီးဖြစ်သူက ယခုဖြစ်ရပ်ကို ဩဂုတ်လ (၂) ရက်နေ့ မွန်းလွဲပိုင်းကျမှသာ မီဒီယာမှတစ်ဆင့် ကြားသိခဲ့ရသည်ဟု ဆိုသည်။ 

နေအိမ်သို့ ထိုနေ့ ည (၁၀) နာရီဝန်းကျင်တွင် ပြန်ရောက်ရှိခဲ့ရာ ခင်ပွန်းနှင့် ကလေးများကို ရှာမတွေ့တော့ကြောင်းနှင့် ခင်ပွန်း၏ဖုန်းကိုလည်း ဆက်သွယ်၍မရခဲ့ဟု ဆိုသည်။ 

Source: The Star, The Chin Journal