မျောက်ကျောက်ရောဂါက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ မဟုတ်သေးကြောင်း WHO ဆို

မျောက်ကျောက်ရောဂါက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ မဟုတ်သေးကြောင်း WHO ဆို
By Mr John

 မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မသတ်မှတ်ကြောင်း ဇွန်လ (၂၅) ရက် အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

 သို့သော် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို အလွန်စိုးရိမ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောသည်။ 

"မျောက်ကျောက်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကျွန်တော် အလွန်စိုးရိမ်ပါတယ်။ ဒါက ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဒီရောဂါ ဖြစ်ပွားမှုအခြေအနေနောက်ကို အလွန်အနီးကပ် လိုက်နေပါတယ်" ဟု Tedros က ဆိုသည်။

WHO ကော်မတီ၏ အရေးပေါ်အစည်းအဝေးတွင် မျောက်ကျောက်ရောဂါ (monkeypox) ဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှု အနည်းငယ်ရှိခဲ့သော်လည်း ယခုအဆင့်တွင် ထိုရောဂါဖြစ်ပွားမှုကို နိုင်ငံတကာအတွက် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ Public Health Emergency of International Concern (PHEIC) အဖြစ် မသတ်သေးရန် နောက်ဆုံးတွင် သဘောတူညီခဲ့ကြကြောင်း သီးခြားထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

WHO က လက်ရှိတွင် COVID-19 ကပ်ရောဂါနှင့် ပပျောက်ရေးကြိုးပမ်းနေသော ပိုလီယို (polio) ရောဂါတို့ကိုသာ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။ 

WHO ကျွမ်းကျင်သူများပါဝင်သည့် အရေးပေါ်အစည်းအဝေးမှ အကြံပြုခဲ့ပြီးနောက် မျောက်ကျောက်ရောဂါကို အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ရန်အစီအစဥ်ကို နောက်ဆုတ်လိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် (၆) ပတ်အတွင်း ပုံမှန်အားဖြင့် ကူးစက်ဖြစ်ပွားမှု မရှိသည့် နိုင်ငံ (၄၈) ခုတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ (၃,၂၀၀) ကျော် တွေ့ရှိခဲ့ရပြီး တစ်ဦး သေဆုံးခဲ့ကြောင်း WHO စာရင်းများအရ သိရှိရသည်။

 ထိုအတောအတွင်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများ တွေ့နေကျဖြစ်သည့် အာဖရိကအလယ်ပိုင်းတွင် ယခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ (၁,၅၀၀) နီးပါးနှင့် သေဆုံးသူအရေအတွက် (၇၀) ရှိခဲ့ပြီး အဓိကအားဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖြစ်သည်။

အာဖရိကပြင်ပ နိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသော monkeypox ခေါ် မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်းနှင့် ထိုဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသော အထောက်အထားမရှိကြောင်း WHO က မေလ (၂၃) ရက်နေ့တွင် ပြောထားသည်။ 

ထို့အတူ အာဖရိကပြင်တွင် ထိုရောဂါကူးစက်ဖြစ်ပွားနေမှုမှာ ကပ်ရောဂါတစ်ခုအဖြစ်သို့ ဦးတည်သွားမည်ဟု WHO က မယူဆကြောင်း တာဝန်ရှိသူတစ်ဦးက မေလ (၃၀) ရက်နေ့တွင် ပြောခဲ့သည်။

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။ 

မျောက်ကျောက်ရောဂါမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။ 

ထိုရောဂါကူးစက်ခံရသူများ၏  လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာတတ်ပြီး ထိုရောဂါလက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိပေ။

ရေကျောက်နှင့်ဆင်တူပြီး မပြင်းထန်သည့် မျောက်ကျောက်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားမှုများကို အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ နိုင်ငံ (၁၁) ခုတွင် တွေ့ရှိထားသည်။ 

ထိုရောဂါဗိုင်းရပ်စ်မှာ ကူးစက်ခံထားရသည့် တိရိစ္ဆာန်တစ်ကောင် အကိုက်ခံရခြင်း သို့မဟုတ် ၎င်း၏သွေး၊ အသား သို့မဟုတ် ခန္ဓာကိုယ်တွင်းအရည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းဖြင့်ကူးစက်ပျံ့နှံ့နိုင်သည်။ 

မျောက်ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ကုသမှုများရှိသော်လည်း အကန့်အသတ်ဖြင့်သာ ထောက်ပံ့ပေးနိုင်သည်ဟု ဆိုသည်။

Source: Reuters, CNN