ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် နိုင်ငံခြားသား (၃) ဦး သေဒဏ်ချခံရ

ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် နိုင်ငံခြားသား (၃) ဦး သေဒဏ်ချခံရ
By Mr John

ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့သည့် နိုင်ငံခြား (၃) ဦးကို ရုရှားလိုလားသော Donetsk People's Republic ဟု ခေါ်ဝေါ်ကြသည့် ခွဲထွက်နယ်မြေ တရားရုံးက ဇွန်လ (၉) ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်။ 

ယူကရိန်း ခွဲထွက်နယ်မြေတစ်ခုဖြစ်သည့် Donetsk People's Republic က ထိုနိုင်ငံခြားသား (၃) ဦးကို ယူကရိန်းအတွက် ကြေးစားစစ်သားအဖြစ် ပါဝင်တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခဲ့ကြောင်း ရုရှားသတင်းဌာန RIA Novosti က ပြောသည်။

သေဒဏ်ချမှတ်ခံရသူ (၃) ဦးမှာ ဗြိတိန်နိုင်ငံသားများဖြစ်ကြသည့် အသက် (၂၈) နှစ်အရွယ် Aiden Aslin နှင့် အသက် (၄၈) နှစ်အရွယ် Shaun Pinner ၊ မော်ရိုကိုနိုင်ငံသား Brahim Saadoune တို့ဖြစ်ကြပြီး ၎င်းတို့ကို ဇွန်လ (၉) ရက်နေ့တွင် တရားရုံးထုတ်ခဲ့ပြီး သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

ယူကရိန်းစစ်တပ်အတွက် ပါဝင်တိုက်ခိုက်ခဲ့သည့် ၎င်းတို့ (၃) ဦးအနက် ဗြိတိန်နိုင်ငံသား (၂) ဦးကို ဧပြီလလယ်တွင် မာရီယူပိုးမြို့၌ ရုရှားကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မော်ရိုကိုနိုင်ငံသား မတ်လအတွင်း မာရီယူပိုးနှင့် Donetsk မြို့အကြားရှိ မြို့ငယ်တစ်ခုတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုနိုင်ငံခြားသား (၃) ဦးကို သေဒဏ်ချမှတ်လိုက်ပြီး သေဒဏ်အား သေနတ်ဖြင့် ပစ်သတ်သည့် အစီအရင်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Donetsk မြို့ရှိ တရားရုံးတွင် သတင်းရယူခဲ့သော RIA Novosti က ပြောသည်။ 

၎င်းတို့အနေဖြင့် တစ်လအတွင်း အယူခံဝင်နိုင်ကြောင်း Donetsk People's Republic ၏ တရားရေးဌာန အကြီးအကဲက ဆိုထားပြီး ပြဏ်ဒဏ်ချမှတ်ခံရသူများအနက်မှ တစ်ဦး၏ရှေ့နေဖြစ်သူ Pavel Kosovan က ၎င်း၏အမှုသည်မှာ ယခုပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဟု ပြောခဲ့ကြောင်း ရုရှားအစိုးရမီဒီယာ TASS က ဖော်ပြသည်။

Donetsk People's Republic မှာ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုဖြစ်ပြီး ၎င်းတို့ကို နိုင်ငံတကာက အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်း မရှိကြောင်း၊ ထို့ကြောင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်အဖြစ် သတ်မှတ်ကြမည်မဟုတ်ကြောင်း ဝေဖန်မှုများရှိနေသည်။

Source: CNN