ကြက်ကင်ရောင်းသည့် ရှေ့နေအတုကို ထိုင်းရှေ့နေများကောင်စီက အမှုဖွင့် တိုင်ကြား

ကြက်ကင်ရောင်းသည့် ရှေ့နေအတုကို ထိုင်းရှေ့နေများကောင်စီက အမှုဖွင့် တိုင်ကြား
အောက်တိုဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံတွင် လိုင်စင်မရှိဘဲ ရှေ့နေအလုပ် လုပ်ကိုင်ရန်အတွက်  ရှေ့နေအဖြစ် အယောင်ဆောင်ခဲ့သည့် ကြက်ကင်ရောင်းသူတစ်ဦးကို ရှေ့နေများကောင်စီက ရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားသွားမည်ဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။ 

ရှေ့နေအတုကို Kamphaeng Phet ပြည်နယ် Muang ရဲစခန်းတွင် အောက်တိုဘာလ (၆) ရက်နေ့၌ အမှုဖွင့်သွားမည်ဟု ရှေ့နေများကောင်စီ ဥက္ကဌ Wichien Chubthaisong က အောက်တိုဘာလ (၄) ရက်နေ့တွင် ပြောသည်။

ကြက်ကင်သည် အမျိုးသားက လိုင်စင်မရှိဘဲ ရှေ့နေတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ကြောင်းနှင့် တရားဝင်ခွင့်ပြုသည့် စာရွက်စာတမ်း အတုပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

 ရှေ့နေများကောင်စီက အခြား ရှေ့နေတစ်ဦးအတွက် ထုတ်ပေးထားသည့် တရားဝင်ခွင့်ပြုသည့် စာရွက်စာတမ်းကို အသုံးပြုခဲ့ကြောင်း ဥက္ကဌ Wichien က ပြောသည်။

‌ရှေ့နေအယောင်ဆောင်ခဲ့သည့် ထိုအမျိုးသားမှာ အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် (၇) နှစ်အထိ သို့မဟုတ် ငွေဒဏ် ဘတ် (၁၄၀,၀၀၀) ချမှတ်ခံရနိုင်ကြောင်း သိရသည်။ 

ကြက်ကင်သည် ရှေနေ့အတု၏ ရုံးခန်းမှာ Kamphaeng Phet ပြည်နယ်တွင်ရှိပြီး ထိခိုက်နစ်နာသူ အမျိုးသမီးတစ်ဦးက ၎င်းကို ထိုပြည်နယ်တွင် အမှုဖွင့်ထားမှုကြောင့် ရှေ့နေအယောင်ဆောင်မှုကိုလည်း Kamphaeng Phet ၌ပင် အမှုဖွင့် တိုင်ကြားသွားမည်ဟု ဆိုသည်။

ရှေ့နေအဖြစ် အယောင်ဆောင်မှုဖြင့် သံသယရှိသူ၏ အမည်ကို ရှေ့နေများကောင်စီက ထုတ်မပြောသော်လည်း အခြား ရှေ့နေတစ်ဦးဖြစ်သူ Prapoj Wongkkurkua က အောက်တိုဘာလ (၄) ရက်နေ့တွင် ပြောကြားမှုအရ အဆိုပါ ရှေ့နေအတုမှာ အသက် (၃၄) နှစ်အရွယ် Porntthep Kachenpuk အမည်ရှိ ကြက်ကင်ရောင်းသူဖြစ်ပြီး Kamphaeng Phet ပြည်နယ် Muang ခရိုင်မှဖြစ်ကြောင်း သိရသည်။

ယခုအမှုကို လူသိများလာခဲ့ပြီးနောက် ထိုအမျိုးသားကို "ကြက်ကင်ရှေ့နေ" ဟု နာမည်ပေး ခေါ်ဝေါ်ကြသည်။ 

ကြက်ကင်သည် ရှေ့နေအတုကို Kamphaeng Phet တရားရုံး၏ စီရင်ချက်တစ်ခုကို အတုပြုလုပ်မှုအတွက် အောက်တိုဘာလ (၃) ရက်နေ့က Muang ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ရှေ့နေ Prapoj က ပြောသည်။ 

ရှေ့နေအတု Porntthep က အမှုအရေအတွက် မည်မျှကို လိုက်ပါဆောင်ရွက်ခဲ့ကြောင်း မသိရသေးသော်လည်း အစိုးရရှေ့နေများနှင့် ရင်ဆိုင်ရသည့် အမှုတစ်ခုတွင် အနိုင်ရခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ရှေ့နေချုပ်ရုံး၏ လက်ထောက်ပြောခွင့်ရအမျိုးသား Kosolwat Inthuchanyong က ထိုသတင်းကို အောက်တိုဘာလ (၄) ရက်နေ့တွင် ငြင်းဆိုခဲ့သော်လည်း ရှေ့နေများက Porntthep လိုက်ပါဆောင်ရွက်ခဲ့သည့် အခြား အမှုများကို စစ်ဆေးနေကြောင်း ပြောသည်။ 

ရှေ့နေအတု၏ အမှုသည်များအနက်မှ တစ်ဦးက အာဏာပိုင်များထံ ဆက်သွယ်ခဲ့ပြီး ဆက်လက်၍လည်း  နောက်ထပ်  အမှုသည်များ ဆက်သွယ်လာကြလိမ့်မည်ဟု ရှေ့နေများကောင်စီက ခန့်မှန်းထားကြောင်း ကောင်စီဒုတိယဥက္ကဌ Veerasak Chotiwanich က ဆိုသည်။

ရှေ့နေအတု၏ မိခင်ဖြစ်သူက သူမ၏ သားမှာ Kamphaeng Phet ၏ Sai Ngam နှင့် Sai Thong ခရိုင်တို့တွင် ကြက်ကင်ရောင်းသူအဖြစ် အလုပ်လုပ်ကိုင်ကြောင်း ပြောကြားခဲ့သည်ဟု Manager Daily ထိုင်းအွန်လိုင်းသတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ 

၎င်းက Nakhon Sawan မြို့တွင် သွားရောက်ပညာသင်ကြားခဲ့ကြောင်းနှင့်  ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် နေအိမ်တွင် ရှေ့နေရုံးခန်းဖွင့်ထားခဲ့သည်မှာ (၂) နှစ်ခန့်ရှိပြီဟု ဆိုသည်။

Source: Bangkok Post