မျောက်ကျောက်ရောဂါကို ထိန်းချုပ်နိုင်ကြောင်းနှင့်   မျိုးဗီဇပြောင်းသည့် အထောက်အထားမရှိဟု WHO ပြော

မျောက်ကျောက်ရောဂါကို ထိန်းချုပ်နိုင်ကြောင်းနှင့်   မျိုးဗီဇပြောင်းသည့် အထောက်အထားမရှိဟု WHO ပြော
By Mr John

 ပုံမှန်အားဖြင့် တွေ့ရလေ့ မရှိသည့် အာဖရိကပြင်ပ နိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသော monkeypox ခေါ် မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်းနှင့် ထိုဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသော အထောက်အထား မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မေလ (၂၃) ရက်နေ့တွင် ပြောသည်။

မေလ (၂၃) ရက်အထိ စာရင်းများအရ နိုင်ငံ (၁၈) ခုတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာ (၁၆၄) ဦးနှင့် သံသယလူနာ (၈၇) ဦး တွေ့ရှိထားကြောင်း သိရသည်။

အဖုအပိမ့်ထွက်ပြီး အဖျားရှိသည့် ထိုရောဂါဖြစ်ပွားမှုများ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း လူဦးရေ အမြောက်အမြားအတွက် အလုံးစုံအန္တရာယ်ရှိမှု အလွန်နည်းပါးကြောင်း ကျွမ်းကျင်သူတွေက ဆိုသည်။ 

မျောက်ကျောက်ရောဂါမှာ ကူးစက်ရောဂါဖြစ်ပြီး ပုံမှန်အားဖြင့် ပြင်းထန်မှု မရှိကြောင်းနှင့် အာဖရိ အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အစုအပြုံလိုက် ဖြစ်ပွားမှုတွေ့ရသည်။

"ဒါက ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်မှုကို ကျွန်မတို့ ရပ်တန့်စေချင်ပါတယ်" ဟု WHO မှ တာဝန်ရှိသူ Maria Van Kerkhove က မေလ (၂၃) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ဒါကို အစုအပြုံလိုက် ဖြစ်ပွားမှုမရှိတဲ့ နိုင်ငံတွေမှာ ကျွန်မတို့ လုပ်နိုင်ပါတယ်" ဟု သူမက ဥရောပနှင့် မြောက်အမေရိကတွင် လတ်တလော ဖြစ်ပွားနေမှုများကို ရည်ညွှန်းလျက် ဖြည့်စွက်ပြောခဲ့သည်။

နှစ်ပေါင်း (၅၀) အတွင်း အာဖရိကပြင်ပတွင် အကြီးဆုံး ကူးစက်ဖြစ်ပွားမှု ဖြစ်နေသော်လည်း မျောက်ကျောက်ရောဂါမှာ လူများကြားတွင် အလွယ်တကူ ကူးစက်ပျံ့နှံ့ခြင်းမရှိကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် နှိုင်းယှဥ်၍ မရကြောင်း ကျွမ်းကျင်သူများက ရှင်းပြသည်။

"အမှန်တကယ်က ကူးစက်မှုဟာ အရေပြားချင်းထိတွေ့မှုကနေ ဖြစ်နေတာပါ။ ကူးစက်ခံရသူလို့ အတည်ပြုထားတဲ့ လူအများစုမှာ မပြင်းထန်တဲ့ရောဂါရှိပါတယ်" ဟု Maria Van Kerkhove က ဆိုသည်။

မျောက်ကျောက်ရောဂါဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသည့် အထောက်အထား မရှိကြောင်းလည်း နောက်ထပ် WHO တာဝန်ရှိသူတစ်ဦးက မေလ (၂၃) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိ ကူးစက်ဖြစ်ပွားမှုများမှာ ဗိုင်းရပ်စ်မျိုးဗီဇ ပြောင်းလဲခြင်းကြောင့်ဟု အစောပိုင်း ထင်မြင်ယူဆချက်များရှိခဲ့ရာ WHO တာဝန်ရှိသူ Rosamund Lewisက မျိုးဗီဇပြောင်းလဲသည့် အထောက်အထားမရှိကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အာဖရိကတိုက်ပြင်ပတွင် မေလအစောပိုင်းမှစပြီး တွေ့ရှိလာရသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများကို မေလ (၂၃) ရက်နေ့အထိ ဗြိတန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် အာဂျင်တီးနား နိုင်ငံတို့တွင် တွေ့ရှိထားသည်။

ပထမဆုံး ဖြစ်ပွားမှုကို လန်ဒန်မြို့တွင် တွေ့ရှိခဲ့ရပြီး နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးသွားခဲ့သည့် ဗြိတိသျှတစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုအခါ ဗြိတိန်တွင် မျောက်ကျောက်ရောဂါ ပြည်တွင်းကူးစက်မှုများ တွေ့ရှိရကြောင်း အတည်ပြုထားသည်။

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။ အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် လတ်တလော နှစ်များအတွင်း လူဦးရေ ထောင်နှင့်ချီ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ဥရောနှင့် မြောက်အမေရိက အပါအဝင် အာဖရိပြင်ပနေရာများတွင်မူ ကူးစက်ဖြစ်ပွားမှု ရှားပါးသည်။

ထိုရောဂါမှာ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို့ တုပ်ကွေးလက္ခဏာများဖြင့် အစပြုပြီးနောက်နှင့် အဖုများထွက်လာတတ်သည်။ ထို့နောက် မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာကြောင်း သိရသည်။

ရောဂါကူးစက်ဖြစ်ပွားသူတွေအနက် အများစုမှာ ရက်သတ္တပတ်များအတွင်း ပြန်ကောင်းလာကြပြီး ရှားပါးသည့် ကူးစက်မှုများတွင်သာ သေဆုံးမှုရှိကြောင်း သိရသည်။

Source: BBC, Reuters