ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အင်တာဗျူးတွင် နားလည်မှု လွဲမှားသွားကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးကို ဆက်သွယ်ရှင်းလင်း

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‌ဒေါက်တာနော်လင်းဟေဇာနှင့် အွန်လိုင်းတွင်တွေ့ဆုံစဉ်
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‌ဒေါက်တာနော်လင်းဟေဇာနှင့် အွန်လိုင်းတွင်တွေ့ဆုံစဉ်
ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အင်တာဗျူးတွင် နားလည်မှု လွဲမှားသွားကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးကို ဆက်သွယ်ရှင်းလင်း

ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နော်လင်းဟေဇာက ရက်ပိုင်းတွင် ဖြေကြားခဲ့သော အင်တာဗျူးနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကို တွေ့ဆုံဖြေရှင်းခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာက အွန်လိုင်းမှ တွေ့ဆုံဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာ နော်လင်းဟေဇာက မြန်မာပြည်သူများ၏ အသံသည်သာ အဓိကကျကြောင်းနှင့် အထူးအလေးထားပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေနှင့် မိမိ၏တာဝန်သည် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရမည်ဖြစ်သောကြောင့် နားလည်ပေးစေလိုသည်ဟု ရှင်းလင်းဆွေးနွေးသည်ဟု သိရသည်။

ဒေါက်တာနော်လင်းဟေဇာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံအတွင်း ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ များကို ပိုမိုနားလည်စေရန် လေ့လာကြားနာသွားလိုကြောင်း ဆွေးနွေးပြောကြားပြီး  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်အုပ်စု၏ အာဏာသိမ်းရန်ကြံစည်မှု၏ နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် ဖြစ်ပေါ်လာရသော လူအခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာပြည်သူများအပေါ်လူသားချင်းစာနာထောက်ထားမှုပေးရန် အရေးပေါ် လိုအပ်နေမှုအခြေအနေများကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ကုလအထူးကိုယ်စားလှယ် နော်လင်းဟေဇာက ဇန်နဝါရီ ၃၁ ရက်နေ့တွင် စင်ကာပူအခြေစိုက် CNA သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ရာတွင် မြန်မာ့အရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ချန်ထားခဲ့၍မ ရဘဲ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်လိုအပ်ကြောင်းနှင့်  မြန်မာစစ်တပ်သည် လက်ရှိတွင် နိုင်ငံကို ထိန်းချုပ်ထားနိုင်ပြီဟု ပြောကြားခဲ့မှုကြောင့် မြန်မာပြည်သူများ၏ ဝေဖန်မှုများထွက်ခဲ့၍ ပြန်လည်ရှင်းလင်းချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။