သူခိုးများတွင် မိုဒီ မျိုးရိုးအမည်ရှိကြောင်း ပြောခဲ့သည့် အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒီ အသရေဖျက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် အတိုက်အခံခေါင်းဆောင် ရာအူးလ် ဂန္ဒီ  [ Photo: Anushree Fadnavis/Reuters ]
ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် အတိုက်အခံခေါင်းဆောင် ရာအူးလ် ဂန္ဒီ [ Photo: Anushree Fadnavis/Reuters ]
သူခိုးများတွင် မိုဒီ မျိုးရိုးအမည်ရှိကြောင်း ပြောခဲ့သည့် အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒီ အသရေဖျက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ
By Mr John

အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ တရားရုံးတစ်ရုံးက အတိုက်အခံခေါင်းဆောင် ရာအူးလ် ဂန္ဒီကို အသရေဖျက်မှုဖြင့် ၂၀၂၃ခုနှစ် မတ်လ (၂၃) ရက်နေ့က ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။ 

၂၀၁၉ ခုနှစ်အတွင်း ရာအူးဂန္ဒီက မိန့်ခွန်းတစ်ရပ်ပြောကြားစဥ် သူခိုးများမှာ မိုဒီဟူသည့် မျိုးရိုးအမည်ရှိကြကြောင်း ရည်ညွှန်းပြောဆိုခဲ့မှုအတွက် တရားရုံးက ၎င်းကို အသရေဖျက်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီ၏ မွေးရပ်ပြည်နယ်ဖြစ်သည့် ဂူဂျာရတ်ပြည်နယ်ရှိ ဆူရတ်မြို့ တရားရုံးက ရာအူးလ်ကို အသရေဖျက်မှုဖြင့် ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

၎င်းကို အာမခံပေးခဲ့ပြီး ပြစ်ဒဏ်ကို ရက် (၃၀) ဆိုင်းငံ့ထားလိုက်ကြောင်းနှင့် အယူခံဝင်သွားမည်ဟု သိရသည်။ 

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ရာအူးလ်က မိန့်ခွန်းပြောကြားစဥ် မျိုးရိုးအမည် မိုဒီကို ရည်ညွှန်းခဲ့ပြီး သူခိုးများအားလုံးမှာ ထိုမျိုးရိုးအမည်ရှိကြကြောင်း ထည့်သွင်းပြောခဲ့ပြီးနောက် ဝန်ကြီးချုပ်မိုဒီ၏ အာဏာရပါတီ Bharatiya Janata Party (BJP) ၏ ခေါင်းဆောင်တစ်ဦးက အသရေဖျက်မှုဖြင့် ၎င်းကို တရားစွဲဆိုခဲ့သည်။ 

ရာအူးလ်၏ ထိုပြောဆိုမှုမှာ အသရေဖျက်မှုဖြစ်ကြောင်း တရားရုံးက တွေ့ရှိခဲ့ပြီး ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားလိုဖြစ်သူ ပါနက်ရှ်မိုဒီ၏ ရှေ့နေက ပြောသည်။

ရာအူးလ်ကမူ ၎င်း၏ပြောဆိုမှုမှာ အဂတိလိုက်စားမှုကို ထင်ရှားပေါ်လွင်စေရန်ဖြစ်ပြီး မည်သည့် လူ့အဖွဲ့အစည်းကိုမျှ တိုက်ခိုက်ပြောဆိုမှု မဟုတ်ကြောင်း တရားရုံးတွင် ပြောခဲ့သည်။

 ရာအူးလ်မှာ အိန္ဒိယတွင် အဓိက အတိုက်အခံခေါင်းဆောင်များအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် မိုဒီနှင့် ယှဥ်ပြိုင်ရွေးကောက်ခံမည် ဖြစ်သည်။

Source: CNN