မျောက်ကျောက်ရောဂါက ကပ်ရောဂါအဖြစ်သို့ ဦးတည်သွားမည် မဟုတ်ဟု WHO ပြော

မျောက်ကျောက်ရောဂါက ကပ်ရောဂါအဖြစ်သို့ ဦးတည်သွားမည် မဟုတ်ဟု WHO ပြော
By Mr John

အာဖရိကပြင်ပတွင် မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်ဖြစ်ပွားနေမှုမှာ ကပ်ရောဂါ တစ်ခုအဖြစ်သို့ ဦးတည်သွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မယူဆကြောင်း တာဝန်ရှိသူတစ်ဦးက မေလ (၃၀) ရက်နေ့တွင် ပြောသည်။

လက္ခဏာမပြသည့် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူများထံမှ အခြားသူထံသို့ ကူးစက်နိုင်ခြင်းရှိ မရှိကို အတိအကျ မသိရသေးကြောင်းလည်း WHO က ဆိုသည်။

မေလအတွင်း မျောက်ကျောက်ရောဂါ အတည်ပြုလူနာ သို့မဟုတ် သံသယလူနာ (၃၀၀) ကျော်ကို တွေ့ရှိခဲ့ရပြီး အများစုမှာ ဥရောပတွင်ဖြစ်ပြီး ထိုရောဂါမှာ အများအားဖြင့် မပြင်းထန်သည့်ဖျားနာမှုဖြစ်ပြီး အနီးကပ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ကာ တုပ်ကွေးကဲ့သို့ လက္ခဏာများနှင့်အတူ ခန္ဓာကိုယ်တွင် အဖုအပိမ့်များ ထွက်ပေါ်လာကြောင်း သိရသည်။

WHO အနေဖြင့် မျောက်ကျောက်ရောဂါကို နိုင်ငံတကာအတွက် အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် သင့် မသင့် အကဲဖြတ်ရန် စဥ်းစားနေသည်ဟု ဆိုသည်။

COVID-19 နှင့် အီဘိုလာ (Ebola) တို့ ကဲ့သို့ ကပ်ရောဂါအဖြစ် ကြေညာခြင်းက ရောဂါနှင့်ပတ်သက်၍ သုတေသနနှင့် ရောဂါထိန်းချုပ်ရန် ရန်ပုံငွေသုံးစွဲမှုတို့ကို အရှိန်မြှင့်ရန် အကူအညီဖြစ်မည်ဟု သိရသည်။

မျောက်ကျောက်ရောဂါမှာ ကပ်ရောဂါတစ်ခု ဖြစ်လာနိုင်ခြေရှိ မရှိနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် WHO ကျန်းမာရေး အရေးပေါ်အစီအစဥ်မှ နည်းစနစ်ဆိုင်ရာအကြီးအကဲ Rosamund Lewis က “ကျွန်မတို့ မသိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ အဲဒီလို မထင်ပါဘူး။ အခုအချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခုလို့ ကျွန်မတို့ မစိုးရိမ်ပါဘူး" ဟု ဖြေကြားခဲ့သည်။

မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူများထံမှ အခြားသူများထံသို့ ကူးစက်ပျံ့နှံ့နိုင်ခြင်းရှိ မရှိအပေါ် သတင်းအချက်အလက် အကန့်အသတ်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

"ရောဂါလက္ခဏာမပြသူထံကနေ မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုရှိ မရှိ ကျွန်မတို့ အမှန်တကယ် မသိရသေးပါဘူး။ ဒီဟာက အရင်တုန်းက အဓိက ကိစ္စမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ဒါကို ဆုံးဖြတ်ဖို့ ကျန်နေသေးတာပါ" ဟု Rosamund Lewis က ပြောခဲ့သည်။

ရေကျောက်နှင့်ဆင်တူပြီး မပြင်းထန်သည့် မျောက်ကျောက်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားမှုများကို အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ နိုင်ငံ (၁၁) ခုတွင် တွေ့ရှိထားသည်။

မျောက်ကျောက်ရောဂါမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။ ထိုရောဂါကူးစက်ခံရသူများ၏  လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာသည်။

မျောက်ကျောက်ရောဂါအတွက် သတ်မှတ်ထားသော ကုသမှုမရှိသော်လည်း ရောဂါလက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိပေ။

အာဖရိကပြင်ပ နိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသော monkeypox ခေါ် မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်းနှင့် ထိုဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသော အထောက်အထားမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မေလ (၂၃) ရက်နေ့တွင် ပြောထားသည်။

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။

#TachileikNewsAgency

Source: Reuters