ရာစုနှစ်ဝက်အတွင်း မွန်ဂိုလီးယားနိုင်ငံ၏ အပြင်းထန်ဆုံး ဆောင်းရာသီကြောင့် တိရစ္ဆာန် (၅) သန်းနီးပါး သေဆုံး

ရာစုနှစ်ဝက်အတွင်း မွန်ဂိုလီးယားနိုင်ငံ၏ အပြင်းထန်ဆုံး ဆောင်းရာသီကြောင့် တိရစ္ဆာန် (၅) သန်းနီးပါး သေဆုံး
By Mr John

ရာစုနှစ်ဝက်အတွင်း အပြင်းထန်ဆုံး ဆောင်းရာသီ ကြုံတွေ့နေရသည့် မွန်ဂိုလီးယားနိုင်ငံတွင် ရာသီဥတု အခြေအနေ လွန်ကဲပြင်းထန်မှုကြောင့် တိရစ္ဆာန် (၄.၇) သန်းကျော် သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာထောက်ပံ့မှုကို ခြိမ်းခြောက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် International Federation of the Red Cross (IFRC) က သတိပေးလိုက်သည်။

dzud ဟု ခေါ်သည့် ပြင်းထန်သော ရာသီဥတု အခြေအနေအတွင်း အပူချိန်များ ထိုးကျပြီး နှင်းနှင့် ရေခဲများက စားကျက်မြေများကို ဖုံးလွှမ်းသွားရာ မွေးမြူ‌ရေး တိရစ္ဆာန်များအတွက် အစာရေစာရရှိမှု ပြတ်တောက်သွားခဲ့သည်။

 မွန်ဂိုလီးယားတွင် လူ (၃)သိန်း ဝန်းကျင်မှာ အစဥ်အဆက် ကျွဲနွားတိရစ္ဆာန် မွေးမြူသူများဖြစ်ကြပြီး စားနပ်ရိက္ခာအတွက်နှင့် ဈေးတွင် ရောင်းချရန် ၎င်းတို့၏ ကျွဲ နွားများ၊ ဆိတ်များနှင့် မြင်းများအပေါ် မှီခိုနေရသည်။

"ရှင်သန်နေထိုင်ဖို့အတွက် သူတို့ရဲ့ ကျွဲနွားတိရစ္ဆာန်တွေအပေါ် လုံးဝ မှီခိုနေရသူတွေအတွက် လအနည်းငယ်အတွင်း စားရာနေရာမဲ့တဲ့အဖြစ် ဖြစ်လာတယ်" ဟု IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Matheou က ၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် CNN သတင်းဌာနကို ပြောသည်။ 

"သူတို့ထဲက တချို့က အခုဆိုရင် စားဖို့ မရှိတော့ဘူး၊ အိမ်ကိုလည်း အပူဓာတ် မပေးနိုင်ကြတော့ဘူး" ဟု ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် မိသားစု အနည်းဆုံး (၂,၂၅၀) မှာ ၎င်းတို့၏ ကျွဲနွားတိရစ္ဆာန် (၇၀) ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ကြရကြောင်း IFRC ၏ စာရင်းအရ သိရှိရသည်။ 

ယခုအခါ မိသားစု (၇,၀၀၀) မှာ စားနပ်ရိက္ခာ လုံလောက်စွာ မရရှိနိုင်ကြကြောင်းလည်း IFRC က ဆိုသည်။ 

အလွန်ပြင်းထန်သော ရာသီဥတုဖြစ်စဥ် dzud က မွန်ဂိုလီးယားနိုင်ငံ၏ လေးပုံသုံးပုံတွင် သက်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း ဆောင်းရာသီ ဆက်ဖြစ်နေရာ ထိုအခြေအနေက ပိုမိုဆိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။

Source: CNN