အမေရိကန်တွင် လွှတ်တော်နှစ်ရပ်လုံးက  သေနတ်ထိန်းချုပ်‌ရေး ဥပဒေမူကြမ်းကို အတည်ပြု

Photo: REUTERS/Jim Bourg
Photo: REUTERS/Jim Bourg
အမေရိကန်တွင် လွှတ်တော်နှစ်ရပ်လုံးက  သေနတ်ထိန်းချုပ်‌ရေး ဥပဒေမူကြမ်းကို အတည်ပြု
By Mr John

 

အမေရိကန်နိုင်ငံတွင် လွှတ်တော်နှစ်ရပ်လုံးက ပါတီနှစ်ခုလုံး ပါဝင် အဆိုပြုထားသည့် သေနတ်ထိန်းချုပ်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပြီး နှစ်ပေါင်း (၃၀) နီးပါးအတွင်း အရေးအပါဆုံး သေနတ်ဥပဒေလည်း ဖြစ်လာသည်။ 

သေနတ်ထိန်းချုပ်ရေး ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံး (အထက်လွှတ်တော် Senate နှင့် အောက်လွှတ်တော် House of Representatives) က အတည်ပြုလိုက်ပြီဖြစ်ရာ သမ္မတဂျိုးဘိုင်ဒန်ထံသို့ ပေးပို့ပြီးနောက် ၎င်းက လက်မှတ်ရေးထိုးခြင်းဖြင့် ဥပဒေအဖြစ် အသက်ဝင်လာမည်ဟု သိရသည်။

အောက်လွှတ်တော်တွင် သေနတ်ထိန်းချုပ်ရေး ဥပဒေမူကြမ်းကို ဇွန်လ (၂၄) ရက်နေ့က ထောက်ခံမဲ (၂၃၄) မဲ၊ ကန့်ကွက်မဲ (၁၉၃) မဲဖြင့် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

 အောက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုတွင် ဒီမိုကရက်တစ်အမတ်အားလုံးက ထောက်ခံမဲပေးခဲ့ကြပြီး ရီပတ်ဘလစ်ကင်အမတ် (၁၄) ဦး ကလည်း ထောက်ခံမဲပေးခဲ့ကြသည်ဟု ဆိုသည်။ 

အမေရိကန် အထက်လွှတ်တော်တွင်မူ ထိုဥပဒေမူကြမ်းကို ဇွန်လ (၂၃) ရက်နေ့က ထောက်ခဲ့မဲ (၆၅) မဲ၊ ကန့်ကွက်မဲ (၃၃) မဲဖြင့် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

အထက်လွှတ်တော်တွင် ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် (၁၅) ဦးက ယခုဥပဒေကို အတည်ပြုရန် ဒီမိုကရက်တစ်အမတ်များနှင့်အတူ ထောက်ခံမဲပေးခဲ့ကြသည်။

မေလအတွင်း နယူးယော့ခ်ပြည်နယ် Buffalo မြို့ရှိ စူပါမတ်ကက် နှင့် တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ မူလတန်းကျောင်းတို့တွင် လူ (၃၁) ဦး သေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ယခုဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးတွင် အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ 

ဥပဒေမူကြမ်းကို ကန့်ကွက်မဲပေးကြရန် ၎င်း၏ပါတီမှ လွှတ်တော်အမတ်များကို ရီပတ်ဘလစ်ကင်ခေါင်းဆောင် Kevin McCarthy က တိုက်တွန်းနေသော်လည်း အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi က ဥပဒေမူကြမ်းကို လွှတ်တော်သို့ အမြန်တင်သွင်းသွားမည်ဟု ဇွန်လ (၂၃) ရက်တွင် ပြောခဲ့သည်။

အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းအရ အသက် (၂၁) နှစ်အောက် သေနတ်ဝယ်ယူသူများကို နောက်ခံအကြောင်း ပိုမိုစစ်ဆေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအစီအစဥ်နှင့် စာသင်ကျောင်းများ လုံခြုံရေးမြှင့်တင်မှုအတွက် ပြည်ထောင်စုရန်ပုံငွေ ဒေါ်လာ (၁၅) ဘီလီယံ အသုံးပြုရန် ပါဝင်ကြောင်း သိရသည်။ 

ကမ္ဘာ့ချမ်းသာကြွယ်ဝသော နိုင်ငံများအနက် အမေရိကန်သည် သေနတ်များကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်အတွင်း လူသတ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအပါအဝင် သေနတ်ဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးသူ (၂၀,၉၀၀) ကျော်ရှိပြီဟု Gun Violence Archive သုတေသနအုပ်စု၏ အချက်အလက်များအရ သိရှိရသည်။

သို့သော် အမေရိကန်သည် သေနတ်ကိုင်ဆောင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက အကာအကွယ်ပေးထားသော နိုင်ငံလည်းဖြစ်သည်။ 

အမေရိကန်နိုင်ငံသားများသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် လူမြင်ကွင်း၌ သေနတ်ကိုင်ဆောင်နိုင်သော အခြေခံအခွင့်အရေးရှိကြောင်း အမေရိကန်တရားရုံးချုပ်က ဇွန်လ (၂၃) ရက်နေ့တွင် ဆုံးဖြတ်ကြေညာလိုက်သည်။ 

အမေရိကန်တရားရုံးချုပ်၏ တရားသူကြီး (၉) ဦးတွင် လူမြင်ကွင်း၌ သေနတ်ကိုင်ဆောင်ခွင့်ရှိကြောင်း (၆) ဦးက ထောက်ခံဆုံးဖြတ်ခဲ့ပြီး (၃) ဦးက ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

တရားရုံးချုပ်၏ ယခုဆုံးဖြတ်ချက်က နယူးယော့ခ်ပြည်နယ်တွင် နေအိမ်ပြင်ပ သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်သည့် ဥပဒေအား ပယ်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်။

 ၁၉၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် နယူးယော့ခ်ပြည်နယ်၏ ထိုဥပဒေမှာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်အရ လူပုဂ္ဂိုလ်တစ်ဦး၏ လက်နက်ကိုင်ဆောင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးချုပ်က တွေ့ရှိခဲ့ကြောင်း ပြောသည်။

#TachileikNewsAgency

Source: Reuters, CNN, BBC