အမေရိကန်နိုင်ငံအတွင်း မူလတန်းကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားသည့် ပစ်ခတ်မှုကြောင့် ကျောင်းသား(၁၉)ဦး အပါအဝင် (၂၁)ဦး သေဆုံး 

Photo: REUTERS/Marco Bello
Photo: REUTERS/Marco Bello
အမေရိကန်နိုင်ငံအတွင်း မူလတန်းကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားသည့် ပစ်ခတ်မှုကြောင့် ကျောင်းသား(၁၉)ဦး အပါအဝင် (၂၁)ဦး သေဆုံး 
By Mr John

 အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် (၁၉) ဦးနှင့် လူကြီး (၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အသက် (၁၈) နှစ်အရွယ် သေနတ်သမားက တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဥပဒေစိုးမိုးရေးအရာရှိများက အပြန်အလှန် ပစ်ခတ်မှုအတွင်း ပစ်သတ်လိုက်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

စုံစမ်းစစ်ဆေးရေးမှူးများ၏ အဆိုအရ သံသယရှိသူထံတွင် ပစ္စတိုသေနတ်တစ်လက်၊ AR-15 ဆီမီးအော်တိုမက်တစ် ရိုင်ဖက်တစ်လက်နှင့် ကျည်ကပ်များရှိကြောင်း သိရသည်။

အဆိုပါ ဆယ်ကျော်သက်အရွယ် သံသယရှိသူက ၎င်း၏အဘွားဖြစ်သူကိုလည်း သေနတ်ဖြင့်ပစ်ခဲ့ခြင်းသည်ဟု ဆိုသည်။ ၎င်းသည် Uvalde မြို့အတွင်း နေထိုင်ကာ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ကြောင်း ဒေသခံမီဒီယာက ဖော်ပြသည်။

ပစ်ခတ်မှုမှာ မေလ (၂၄)ရက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီ (၃၂) မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ထိုကျူးလွန်မှုကို ဆယ်လ်ဗာဒေါရာမို့စ် (Salvador Ramos) အမည်ရှိ သေနတ်သမားတစ်ဦးတည်း လုပ်ဆောင်ခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးမှူးများက ယူဆထားကြောင်း နယ်မြေခံရဲတပ်ဖွဲ့ အကြီးအကဲ Pete Arredondo က ပြောခဲ့သည်။

ပစ်ခတ်မှုစတင်ဖြစ်ပွားချိန်တွင် မူလတန်းကျောင်းအနီးရှိနေခဲ့သည့် အမေရိကန်နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက ကျောင်းအတွင်းပြေးဝင်သွားခဲ့ပြီး သေနတ်သမားကို ပစ်သတ်ခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း နယ်ခြားစောင့်အေးဂျင့် (၂)ဦး ပစ်ခတ်ခံရပြီး တစ်ဦးမှာ ဦးခေါင်းပိုင်းကို ပစ်ခံခဲ့ရကာ (၂)ဦးလုံးမှာ ဆေးရုံတွင် ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

CBS News တွင် ဖော်ပြမှုအရ တိုက်ခိုက်သူက ပစ်ခတ်တိုက်ခိုက်စဥ် လက်နက်ထည့်နိုင်သည့် အင်္ကျီကို ဝတ်ဆင်ထားခဲ့ကြောင်း သိရသည်။

သေနတ်သမားက မူလတန်းကျောင်းအတွင်း ဝင်ရောက်ပြီး ကြောက်မက်ဖွယ်ရာပစ်ခတ်မှု မပြုမီ ကားတစ်စီးကို လမ်းတွင် စွန့်ပစ်ထားခဲ့သည်ဟုလည်း တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က ပြောသည်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် လူကြီး (၂) ဦးအနက် တစ်ဦးမှာ Eva Mireles အမည်ရှိ ကျောင်းဆရာမ ဖြစ်သည်။

Reuters သတင်းဌာနတွင်မူ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် လူကြီး (၂) ဦးမှာ ဆရာမများဖြစ်သည်ဟု ဖော်ပြထားသည်။

Robb မူလတန်းကျောင်းသည် စန်အန်တိုနီယိုမြို့၏ အနောက်ဘက် (၈၅) မိုင်ခန့်အကွာတွင်ရှိပြီး စပိန်ဘာသာစကားပြောဆိုမှု ပိုများပြီး ကျောင်းသား (၅၀၀)နီးပါး တက်ရောက်နေသည့် ကျောင်းဖြစ်ပြီး ထိုကျောင်းတွင် တက်ရောက်နေသည့် ကလေးများမှာ အသက် (၇) နှစ်မှ (၁၀) နှစ်အရွယ်များ ဖြစ်ကြသည်။

မေလ (၁၄) ရက်နေ့ကလည်း နယူးယော့ခ်ပြည်နယ် Buffalo မြို့ရှိ လူမဲ ရပ်ကွက်တစ်ခုအတွင်း စူပါမတ်ကက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အသက် (၁၈) နှစ်အရွယ် နောက်ထပ် ဆယ်ကျော်သက်ကလည်း အလားတူ ပစ်ခတ်တိုက်ခိုက်စဥ် လက်နက်ထည့်နိုင်သည့် အင်္ကျီနှင့် ဆီးမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်တစ်လက် ကိုင်ဆောင်ခဲ့ကြောင်းနှင့် ထိုအင်္ကျီနှင့်သေနတ်တို့ကို အမေရိကန်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်ဟု ဆိုသည်။

Buffalo မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူ (၁၀) ဦး သေဆုံးခဲ့ရသည်။

 

 

Source: BBC, Reuters

Photo: REUTERS/Marco Bello