အမေရိကန်များ ခုခံကာကွယ်ရန် လူမြင်ကွင်းတွင် သေနတ်ကိုင်ဆောင်ခွင့်ရှိကြောင်း တရားရုံးချုပ် ဆုံးဖြတ် 

Photo: REUTERS/Eduardo Munoz/File Photo
Photo: REUTERS/Eduardo Munoz/File Photo
အမေရိကန်များ ခုခံကာကွယ်ရန် လူမြင်ကွင်းတွင် သေနတ်ကိုင်ဆောင်ခွင့်ရှိကြောင်း တရားရုံးချုပ် ဆုံးဖြတ် 
By Mr John

 အမေရိကန်နိုင်ငံသားများသည် မိမိကိုယ်ကို ခုခံကာကွယ်ရန် လူမြင်ကွင်း၌ သေနတ်ကိုင်ဆောင်နိုင်သော အခြေခံ အခွင့်အရေးရှိကြောင်း အမေရိကန်တရားရုံးချုပ်က ဇွန်လ (၂၃) ရက်နေ့တွင် ဆုံးဖြတ်ကြေညာလိုက်သည်။ 

တရားရုံးချုပ်၏ ယခုဆုံးဖြတ်ချက်က သေနတ်ဖြင့် အကြမ်းဖက်မှုများကို မည်သို့ ကိုင်တွယ်ဆောင်ရွက်မည်ဆိုသည့်အပေါ်  နက်ရှိုင်းစွာ သဘောထားကွဲလွဲနေသည့် အမေရိကန်တွင် သေနတ်ကိုင်ဆောင်ခွင့်ရှိရေး အားပေးထောက်ခံသူများအတွက် သမိုင်းဝင်အောင်ပွဲတစ်ရပ်လည်း ဖြစ်သည်။

အမေရိကန်တရားရုံးချုပ်၏ တရားသူကြီး (၉) ဦးတွင် လူမြင်ကွင်း၌ သေနတ်ကိုင်ဆောင်ခွင့်ရှိကြောင်း (၆) ဦးက ထောက်ခံဆုံးဖြတ်ခဲ့ပြီး (၃) ဦးက ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ 

တရားရုံးချုပ်၏ ယခုဆုံးဖြတ်ချက်က နယူးယော့ခ်ပြည်နယ်တွင် နေအိမ်ပြင်ပ သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်သည့် ဥပဒေအား ပယ်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်။ 

၁၉၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် နယူးယော့ခ်ပြည်နယ်၏ ထိုဥပဒေမှာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်အရ လူပုဂ္ဂိုလ်တစ်ဦး၏ လက်နက်ကိုင်ဆောင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးချုပ်က တွေ့ရှိခဲ့ကြောင်း ပြောသည်။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေက လူတစ်ဦးချင်းစီ၏ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် နေအိမ်ပြင်ပတွင် သေနတ်ကိုင်ဆောင်ခွင့်ကို အကာအကွယ်ပေးထားကြောင်း တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်ကို တရားသူကြီး Clarence Thomas က ကြေညာခဲ့သည်။ 

ယခုဆုံးဖြတ်ချက်မှာ အဓိကကျသည့် အခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်ဆိုင်ရာ အမှုကိစ္စတစ်ခုကို ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်တရားရုံးချုပ်က ပထမဆုံးအကြိမ် စီရင်ဆုံးဖြတ်ချက်ဖြစ်ပြီး သေနတ်ကိုင်ဆောင်ခွင့်ရှိရေး အားပေးထောက်ခံသော ဩဇာကြီးမားသည့် National Rifle Association အတွက် အောင်ပွဲတစ်ရပ်လည်း ဖြစ်သည်။

အမေရိကန်တွင် မကြာသေးမီက လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့သော်လည်း တရားရုံးချုပ်အနေဖြင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေက သေနတ်ပိုင်ဆိုင်ခွင့်နှင့် သယ်ဆောင်ခွင့်ကို အာမခံထားကြောင်း ပြောခဲ့ကြသည့် သေနတ်ကိုင်ဆောင်ခွင့်ရှိရေး အားပေးထောက်ခံသူများဘက်မှ ရပ်တည်ခဲ့သည်။ 

အမေရိကန်ဆီးနိတ်လွှတ်တော်တွင်မူ ရှားရှားပါးပါး ပါတီနှစ်ခုလုံးက သဘောတူညီထားပြီး သင့်တင့်သည့် သေနတ်ထိန်းချုပ်ရေး အစီအမံများပါဝင်သော ဥပဒေမူကြမ်းတစ်ရပ်ကို လက်ရှိ စဥ်းစားချင့်ချိန်နေကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံ၏ ပြည်နယ်ထက်ဝက်ကျော်တွင် သေနတ်ကိုင်ဆောင်ခွင့်ပြုထားပြီး အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း၌သာ ထိုသို့ ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။ 

သို့သော် ပြည်နယ် (၂၀) ကျော်က သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ချက်များ ချမှတ်ထားဆဲဖြစ်ပြီး ယခုတရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ ထိုပြည်နယ်များတွင် သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ချက်များကို ပယ်ဖျက်ရနိုင်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် (၂) ခုအတွင်း အမေရိကန်ဈေးကွက်တွင် ချေမှုန်းရေးရိုင်ဖယ်နှင့် ပစ္စတိုသေနတ် အများစုအပါအဝင် သေနတ်စုစုပေါင်း သန်း (၂၀၀) ရောင်းချခဲ့ရပြီး လူသတ်မှုများ၊ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ မြင့်တက်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

အမေရိကန်တွင် မေလအတွင်းနှင့် ဇွန်လဆန်းပိုင်းအထိ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။

ထိုပစ်ခတ်မှုဖြစ်ရပ်များအနက် မေလ (၁၄) ရက်နေ့က နယူးယော့ခ်ပြည်နယ် လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့မှုနှင့် မေလ (၂၄) ရက်နေ့တွင် တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့မှုတို့က သေဆုံးမှုအများဆုံး ဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့သည်။

Source: AFP, Reuters