အင်ဒိုနီးရှားက စာအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာတဝန်း စားသုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်

အင်ဒိုနီးရှားက စာအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာတဝန်း စားသုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်
By Mr John

 အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ ပြည်ပတင်ပို့မှုကို ဧပြီ (၂၈)ရက်နေ့က စပြီး ပိတ်ပင်သွားမည်ဟု ကြေညာခဲ့ရာ ကမ္ဘာတဝန်း စားသုံးဆီဈေးကွက်အပေါ် သက်ရောက်မှုရှိပြီး ဈေးနှုန်းမြင့်တက်မှုများ ဖြစ်လာမည်ဟု ဆိုသည်။

ရာသီဥတုဆိုးရွားမှုနှင့် ရုရှားက ယူကရိန်းကို ကျူးကျော်မှုတို့ကြောင့် ယခင်ကတည်းက စားအုန်းဆီ မလုံလောက်မှု ဖြစ်နေခဲ့ကြောင်းလည်း သိရသည်။

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီ ထုတ်လုပ်သူဖြစ်သည့် အင်ဒိုနီးရှားက ပြည်ပတင်ပို့မှုတွေကို ပိတ်ပင်လိုက်ခြင်းကြောင့် စာအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများ မြင့်တက်လာမည်ဟု ဆီလုပ်ငန်းစောင့်ကြည့်သူတွေက ခန့်မှန်းထားကြသည်။



ထိုအခြေအနေက စက်သုံးဆီနှင့် စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်မှုကြောင့် ကုန်ကျစရိတ် ခြိုးခြံချွေတာနေရသည့် အာရှနှင့် အာဖရိကမှ စားသုံးသူတွေအတွက် ပိုမိုဝန်ပိစေမည်ဟု ဆိုသည်။

"အင်ဒိုနီးရှားရဲ့ ဆုံးဖြတ်ချက်က စားအုန်းဆီရရှိမှုကိုသာမက ကမ္ဘာတဝန်း ဟင်းသီးဟင်းရွက်ဆီ ရရှိမှုအပေါ်မှာလည်း သက်ရောက်မှုဖြစ်စေပါတယ်" ဟု လူသုံးကုန်ပစ္စည်းဆိုင်ရာ အကြံပေးအဖွဲ့အစည်း LMC International ၏ ဥက္ကဌ ဂျိမ်းစ်ဖရိုင်းက Reuters သတင်းဌာနကို ပြောသည်။



ကိတ်မုန့်ကနေ အလှကုန်နှင့် သန့်ရှင်းရေးထုတ်ကုန်များအထိတွင် ထည့်သွင်း အသုံးပြုကြသည့် စာအုန်းဆီမှာ ကမ္ဘာတဝန်း ဟင်းသီးဟင်းရွက်ဆီ တင်ပို့မှုများ၏ (၆၀) ရာခိုင်နှုန်းနီးပါးလည်း ဖြစ်ပြီး စားအုန်းဆီးထုတ်လုပ်မှုတွင် ထိပ်ဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားက ဟင်သီးဟင်းရွက်ဆီ တင်ပို့မှုအားလုံး၏ သုံးပုံတစ်ပုံကို တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။



အင်ဒိုနီးရှားက စားအုန်းဆီ ပြည်ပတင်ပို့မှုကို ပိတ်ပင်မည်ဟု ဧပြီ (၂၂) ရက်တွင် ကြေညာလိုက်ပြီး ထိုပိတ်ပင်မှုမှာ နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း သက်ရာက်မှုရှိမည်ဟု ပြောခဲ့သည်။

အစိုးရက စာအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားမည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အင်ဒိုနီးရှား စားအုန်းဆီတောင်သူများသမဂ္ဂက ဧပြီ (၂၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။



အစိုးရ၏ ဆုံးဖြတ်ချက်မှာ ပြည်တွင်းဈေးကွက်တွင် စားသုံးဆီ ဈေးမတက်စေရန်နှင့် မပြတ်လပ်စေရန် ယာယီ စီမံဆောင်ရွက်မှုဖြစ်ကြောင်း စားအုန်းဆီတောင်သူများသမဂ္ဂက ဆိုသည်။

ပြင်ဆင်ထုတ်ပိုးထားသည့် တန်ဖိုးမြင့် စာအုန်းဆီထုတ်ကုန်များ ပြည်ပတင်ပို့မှုကိုသာ အင်ဒိုနီးရှားက ပိတ်ပင်ထားမည်ဖြစ်ပြီး စာအုန်းဆီကြမ်း တင်ပို့မှုများကို ဆက်လက် ခွင့်ပြုထားမည်ဟု ယခုကိစ္စကို သိရှိထားကြသူများကို ကိုးကားပြီး Bangkok Post သတင်းက ယနေ့ ဧပြီ (၂၅) ရက်တွင် ဖော်ပြသည်။



Source: Bangkok Post, Reuters