အမေရိကန်တွင် လေယာဥ်နှင့် ရထားများပေါ် မဖြစ်မနေ mask တပ်ရန် အစိုးရ၏ သတ်မှတ်ချက်ကို တရားသူကြီးက ပယ်ဖျက်

အမေရိကန်တွင် လေယာဥ်နှင့် ရထားများပေါ် မဖြစ်မနေ mask တပ်ရန် အစိုးရ၏ သတ်မှတ်ချက်ကို တရားသူကြီးက ပယ်ဖျက်
By Mr John

 အမေရိကန်ပြည်ထောင်စုတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ အသုံးပြုစဥ် မဖြစ်မနေ mask တပ်ရမည့် သတ်မှတ်ချက်ထပ်တိုးခြင်းကို ဥပဒေနှင့်မညီကြောင်း ဖလော်ရီဒါပြည်နယ်ရှိ ပြည်ထောင်စု တရားသူကြီးတစ်ဦးက ဆုံးဖြတ်လိုက်သည်။ 

တရားသူကြီးဆုံးဖြတ်ချက်က COVID-19 ကူးစက်မှုလျှော့ချရေး သမ္မတဂျိုးဘိုင်ဒန် အစိုးရ၏ ကြိုးပမ်းမှုကို ပယ်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများက လေယာဥ်၊ ရထား၊ တက္ကစီ၊ ဘတ်စ်ကားစသည့် အများပြည်သူအသုံးပြုရာယာဉ်များ စီးနင်းခြင်း သို့မဟုတ် ဘူတာရုံ၊ ဘတ်စ်ကားဂိတ်၊ ကူးတို့သင်္ဘောဆိပ်တို့တွင် မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်းကို (၁၅) ရက် ထပ်တိုးသတ်မှတ်ထားခြင်းဖြစ်သည်။ 

အဆိုပါ သတ်မှတ်ချက်အတွက် လတ်တလော COVID-19 ကူးစက်မှု မြင့်တက်လာခြင်း၏ သက်ရောက်မှုကို ဆန်းစစ်ရန် အချိန်လိုအပ်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ အသုံးပြုစဥ် မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်းသတ်မှတ်ချက်မှာ ဥပဒေနှင့်မညီကြောင်း တရားသူကြီး Kathryn Kimball Mizelle က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

 Kathryn Kimball Mizelle မှာ သမ္မတဒေါ်နယ်ထရန့်လက်ထက်က ခန့်အပ်ထားခဲ့သည့် တရားသူကြီးတစ်ဦးဖြစ်သည်။

 မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်းနှင့် ပတ်သက်သည့် ယခုအမှုကို ယမန်နှစ်အတွင်း Health Freedom Defense Fund အမည်ရှိ အဖွဲ့တစ်ဖွဲ့က ဖလော်ရီဒါပြည်နယ် တမ်ပါမြို့ရှိ ခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့အစည်း Centers for Disease Control and Prevention (CDC) က ၎င်း၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်ခဲ့ပြီး အများပြည်သူ ထင်မြင်ချက်ကို မရယူခဲ့ကြောင်းနှင့် ၎င်း၏ ဆုံးဖြတ်ချက်ကို လုံလောက်သည့်ရှင်းပြမှု မလုပ်ခဲ့ကြောင်း တရားသူကြီး Kathryn Kimball Mizelle က ပြောသည်။ 

တရားသူကြီးအမိန့်က မည်သည့်အချိန်တွင် အသက်ဝင်မည် မသိရသေးဘဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ အသုံးပြုစဥ် မဖြစ်မနေ mask တပ်ရန် Transportation Security Administration (TSA) ၏ ညွှန်ကြားချက်မှာ အသက်ဝင်နေဆဲဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သမ္မတအိမ်ဖြူတော်၊ CDC၊ TSA နှင့် Federal Aviation Administration တို့က မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်ဟု ရိုက်တာသတင်းက ဖေါ်ပြသည်။

အမေရိကန်ပြည်ထောင်စုတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ အသုံးပြုစဥ် မဖြစ်မနေ mask တပ်ရန် CDC က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ပထမဆုံးအကြိမ် အများပြည်သူ ကျန်းမာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်အဖြစ် ထုတ်ပြန်ခဲ့သည်။

အမေရိကန် ဆီးနိတ်လွှတ်တော်ကလည်း လေယာဥ်နှင့် အခြား သယ်ယူပို့ဆောင်ရေးတို့တွင် mask တပ်ရန်လိုအပ်ကြောင်း အများပြည်သူ ကျန်းမာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်ကို ပယ်ဖျက်ရန်အဆိုတစ်ရပ် ပြီးခဲ့သည့်လအတွင်း မဲခွဲခဲ့ရာ ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄၀ ရရှိခဲ့ရာ သမ္မတဂျိုးဘိုင်ဒန်က ဗီတိုအာဏာသုံးမည့်အခြေအနေ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Source: Reuters