ခို တစ်ကောင်ကို တရုတ်စပိုင်အဖြစ် သံသယရှိ၍ အိန္ဒိယ ရဲတပ်ဖွဲ့က (၈)လကြာ ဖမ်ဆီး ထိန်းသိမ်းထားခဲ့

ခို တစ်ကောင်ကို တရုတ်စပိုင်အဖြစ် သံသယရှိ၍ အိန္ဒိယ ရဲတပ်ဖွဲ့က (၈)လကြာ ဖမ်ဆီး ထိန်းသိမ်းထားခဲ့
ဖေဖော်ဝါရီ 2, 2024 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံတွင် တရုတ်စပိုင်အဖြစ် သံသယရှိမှုဖြင့် ရဲတပ်ဖွဲ့က (၈) လကြာ ထိန်းသိမ်းထားသော ခိုတစ်ကောင်ကို နောက်ဆုံးတွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

အဆိုပါ ငှက်ကို အိန္ဒိယဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့၏ နေရာတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အတောင်ပံများပေါ်၌ တရုတ်စာနှင့်တူသော စာများ ရေးထားသည်ကို တွေ့ရကြောင်း Times of India သတင်းစာက ဖော်ပြသည်။

ကနဦးတွင် ရဲတပ်ဖွဲ့က ထိုငှက်ကို စပိုင်လုပ်မှုဖြင့် ရဲမှတ်တမ်းသွင်းထားခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အမှုရုပ်သိမ်းလိုက်သည်ဟု သတင်းစာက ဆိုသည်။ 

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဥ်အတွင်း အဆိုပါ အမည်မသိ ခိုကို မွမ်ဘိုင်းမြို့ ဆေးရုံတစ်ရုံ၌ လှောင်အိမ်တွင် သော့ခတ်ပိတ်လှောင် ထိန်းသိမ်းထားခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာ အလွန်အံ့အားသင့်ဖွယ် (၈) လအထိ ကြာမြင့်ခဲ့ကြောင်း People for the Ethical Treatment of Animals (PETA) က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အိန္ဒိယရဲတပ်ဖွဲ့က အဆိုပါ ခိုကို ပြန်လွှတ်ပေးရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ဆေးရုံကို တရားဝင် ခွင့်ပြုချက်ပေးခဲ့ကြောင်းလည်း PETA က ဆိုသည်။

တရုတ်စပိုင်အဖြစ် သံသယရှိမှုဖြင့် ထိန်းသိမ်းခံထားရသော ခိုမှာ ပြန်လွှတ်ပေးလိုက်စဥ် ကျန်းကျန်းမာမာဖြင့် အဝေးသို့ ပျံသန်းသွားခဲ့ကြောင်း အိန္ဒိယမီဒီယာက ဖော်ပြသည်။ 

အိန္ဒိယတွင် ၂၀၁၆ ခုနှစ်အတွင်းကလည်း ဝန်ကြီးချုပ်မိုဒီကို ခြိမ်းခြောက်ထားသော စာတိုတစ်စောင် သယ်ဆောင်လာသည့် ခိုတစ်ကောင်ကို နယ်စပ်လုံခြုံရေး အရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးသည်။

 အဆိုပါ ခိုကို အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်အနီး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ၂၀၁၀ ခုနှစ်အတွင်း ပါကစ္စတန်နှင့် အိန္ဒိယ နယ်စပ်ဒေသတွင် ၎င်း၏ ခြေထာက်၌ ကွင်းတစ်ခုစွပ်ထားပြီး ပါကစ္စတန် ဖုန်းနံပါတ်နှင့် လိပ်စာတစ်ခုကို ကိုယ်ပေါ်တွင် မင်နီဖြင့် ရိုက်နှိပ်ထားသော   ခိုတစ်ကောင်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်နက်ကိုင် အစောင့်အကြပ်ဖြင့် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

 

Source: AFP