တရုတ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အပူလှိုင်းကျရောက်ပြီး တောင်ပိုင်းတွင် ရေကြီးမှုများဖြစ်ပေါ်

တရုတ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အပူလှိုင်းကျရောက်ပြီး တောင်ပိုင်းတွင် ရေကြီးမှုများဖြစ်ပေါ်
By Mr John

တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အပူလှိုင်းများ ကျရောက်နေရာ သန်းနှင့်ချီသည့် ဒေသခံများက  အပူဒဏ်သက်သာရေး လေအေးပေးစက်များ ဖွင့်ကြရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင် မြင့်တက်ခဲ့ပြီး ထိုအတောအတွင်း တောင်ပိုင်းဒေသများတွင်မူ ရေကြီးမှုများအတွင်း ကျေးရွာများ ရေနစ်မြုပ်ကာ မြို့များတွင် မြို့ခံများ ပိတ်မိသောင်တင်နေကြကြောင်း သိရသည်။

တရုတ်မိုးလေဝသဌာနက Shandong ၊ Henan နှင့် Hebai ပြည်နယ်များတစ်လျှောက် နေရာဒေသများ၌ အပူချိန်များ မြင့်တက်မှုအတွက် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို ဇွန်လ (၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

တရုတ်၏ ဒုတိယ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် Shandong ရှိ မြို့များတွင် အပူချိန်မြင့်တက်မှု အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ထားပြီး ထိုပြည်နယ်အတွင်းရှိ လူဦးရေ သန်း (၁၀၀) ကျော်ကြား လေအေးပေးစက်အသုံးပြုမှု အဆမတန် မြင့်တက်လာခဲ့သည်။

Shandong ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ကြောင်း မိုးလေဝသဌာနက ပြောသည်။ 

Shandong ၏ အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ ဇွန်လ (၂၁) ရက်နေ့က ကီလိုဝပ် (၉၂.၉၄) သန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ကီလိုဝပ် (၉၀.၂၂) သန်းဖြင့် အမြင့်ဆုံးသုံးစွဲမှုထက် ကျော်လွန်သွားခဲ့သည်။

Shandong နှင့်ကပ်လျက် Henan ပြည်နယ်တွင်လည်း ဇွန်လ (၂၀) ရက်နေ့က အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ် (၇၁.၀၈) သန်းရှိခဲ့ရာ ယခင်နေ့က ကီလိုဝပ် (၆၅.၃၄) သန်းထက် ကျော်လွန်ခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက ဖော်ပြသည်။ 

တရုတ်ဝန်ကြီးချုပ် Li Keqiang က နိုင်ငံမြောက်ပိုင်း Hebei ပြည်နယ်ရှိ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီကို သွားရောက်ကြည့်ရှုခဲ့ပြီး တရုတ်အနေအဖြင့် ဓာတ်အားပြတ်တောက်မှု မရှိစေ‌ရေး ကျောက်မီးသွေးထုတ်လုပ်မှုကို မြှင့်တင်ရမည်ဟု မှာကြားခဲ့ကြောင်း အစိုးရမီဒီယာက ဇွန်လ (၂၁) ရက် နှောင်းပိုင်းတွင် ပြောသည်။

Hebei ၊ Henan နှင့် Shandong ပြည်နယ်များ၏ နေရာဒေသတို့တွင် ဇွန်လတစ်လျှောက် မိုးခေါင်ခြင်းကဲ့သို့ ရာသီဥတုကို ကြုံတွေ့နေခဲ့ရပြီး ယခင်နှစ်များထက် ယခုနှစ် နွေရာသီ  အပူချိန်မြင့်တက်မှုများ ပိုမိုစောစီးစွာ ဖြစ်ပေါ်နေခဲ့သည်။

 တရုတ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အပူလှိုင်းဒဏ်ခံနေရစဥ် တောင်ပိုင်းရှိ နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး Guangdon ပြည်နယ် အပါအဝင် ပြည်နယ် (၇) ခုတွင်မူ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဇွန်လ (၂၂) ရက်နေ့က တရုတ်နိုင်ငံ၏ မြစ် (၁၁၃) ခုတွင် စိုးရိမ်ရေမှတ်အထက် မြစ်ရေမြင့်တက်နေပြီး မြစ် (၇) ခုမှာ သမိုင်းတစ်လျှောက် ရေမျက်နှာပြင် အမြင့်ဆုံးသို့ မြင့်တက်ခဲ့ကြောင်း ရေအရင်းအမြစ်ဝန်ကြီးဌာနကို ကိုးကားပြီး အစိုးရ ရုပ်မြင်သံကြားသတင်းက ပြောသည်။ 

Guangdong ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းကြောင့် လူဦးရေ ၄၇၉,၆၀၀ ထိခိုက်သက်ရောက်မှုရှိခဲ့ပြီး ကောက်ပဲသီးနှံစိုက်ခင်း အများအပြားနှင့် နေအိမ် (၁,၇၂၉) လုံး ပြိုကျခဲ့ကာ စီးပွားရေးဆုံးရှုံးမှု ယွမ်ငွေ (၁.၇၅၆) ဘီလီယံရှိခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ဖော်ပြသည်။

Guangdong ပြည်နယ်ရှိ Yingde မြို့တွင် ရေကြီးမှုသတိပေးချက်ကို အမြင့်ဆုံးအဆင့်ဖြစ်သည့် Level I အဖြစ် ထုတ်ပြန်ထားပြီး ရေကြီးနေသည့် နေရာများတွင် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကြာင်း ဆိုရှယ်မီဒီယာတွင် ပြောထားကြသည်။ 

"ရေတက်လာတာက အရမ်းမြန်တယ်။ လူအတော်များများက အိမ်မှာ စားစရာ သောက်စရာ မပြင်ဆင်ထားခဲ့ကြဘူးလို့ ထင်တယ်" ဟု Twitter ကဲ့သို့ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo တွင် အသုံးပြုသူတစ်ဦးက ရေးထားသည်။ 

တရုတ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် ရေကြီးမှုများကြောင့် လူဦးရေ ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သိရသည်။

Guangdong ပြည်နယ် Shaoguan မြို့မှာ ရေကြီးမှုကို အဆုံးဆုံးကြုံရသည့် မြို့များတွင် တစ်မြို့အပါအဝင်ဖြစ်ပြီး မေလနှောင်းပိုင်းကတည်းက စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပေါ်နေခဲ့သည်။ 

Guangdong ပြည်နယ်ရှိ Shaoguan နှင် Qingyuan မြို့တို့တွင်လည်း ရေကြီးမှုသတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားသည်။ 

ထိုအတောအတွင်း တရုတ်အရှေ့တောင်ပိုင်း Jiangxi ပြည်နယ်ရှိ ခရိုင် (၉) ခုတွင် လူဦးရေ ၄၈၅,၀၀၀ ရေကြီးမှုကြုံနေခဲ့ရပြီးနောက် အာဏာပိုင်တွေက ရေကြီးမှုသတိပေးချက်ကို အဆင့်တိုးမြှင့် ထုတ်ပြန်ထားကြောင်း Xinhua သတင်းက ဖော်ပြသည်။

 Xinhua က ပြောကြားမှုအရ ထိုဒေသအတွင်း မိုးသည်းထန် ရေကြီးမှုကြောင့် စီးပွားရေးထိခိုက်ဆုံးရှုံးမှု တရုတ်ယွမ်ငွေ သန်း (၄၇၀) ရှိခဲ့ပြီး ကောက်ပဲသီးနှံစိုက်ခင်း (၄၃,၀၀၀) ဟက်တာ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ယခုနှစ်တွင် နွေရာသီအစောပိုင်းကာလ မုန်တိုင်းများမှာ ပုံမှန်ထက် ပိုမိုအားကောင်းပြီး မုန်တိုင်းရက်လည်း ပိုရှည်ကြာနေခဲ့ရာ Guangxi ၊ Guangdong နှင့် Fujian တို့တွင် ၁၉၆၁ ခုနှစ်နောက်ပိုင်း မိုးရေချိန် အမြင့်ဆုံးဖြစ်ခဲ့သည်ဟု ဒေသတွင်း မိုးလေဝသဌာနက ပြောသည်။ 

မိုးလေဝသ ထူးခြားဖြစ်စဥ်အဖြစ် တရုတ်နိုင်ငံတောင်ပိုင်းရှိ Guangzhou မြို့တွင်လည်း ယခုသီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှု၊ အပူလှိုင်းကျရောက်မှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုတို့ ရှားရှားပါးပါး ပေါင်းဆုံဖြစ်ပေါ်ခဲ့ရာ လူဦးရေသန်းနှင့်ချီ ‌ရွှေ့ပြောင်းကြရပြီး အဆောက်အုံများ ပျက်စီးကာ လယ်ယာမြေများ ရေလွှမ်းမိုးခဲ့သည်။

တရုတ်နိုင်ငံမှာ ရေကြီးမှုများ၊ မြေပြိုမှုများနှင့် လယ်ယာမြေအများအပြား ရေလွှမ်းမိုးမှုများ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့နေခဲ့သည်။ သစ်တောပြုန်းတီးခြင်း၊ စိမ့်မြေများတွင် ထွန်ယက်စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် ရေသွင်းစိုက်ပျိုးရန် ရေလှောင်တမံများ တည်ဆောက်သိုလှောင်ခြင်းတို့ကြော‌င့် မကြာသေးမီ အချိန်ကာလများအတွင်း တရုတ်တွင် ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ ပို၍ပင် ဖြစ်ပေါ်လာခဲ့သည်။

Source: Reuters, BBC